ရုရှားဒရုန်းရန်မှ ဥရောပကို ကာကွယ်နိုင်ရန် တိုးမြှင့်လုပ်ဆောင်ရေးကို ဥရောပသမဂ္ဂ (EU) နိုင်ငံ့ခေါင်းဆောင်များက အောက်တိုဘာလ ၁ ရက်က သဘောတူထောက်ခံလိုက်သည်။
ဒိန်းမတ်နိုင်ငံ၊ မြို့တော် ကိုပင်ဟေဂင်တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးတွင် ယင်းသို့ သဘောတူထောက်ခံလိုက်ခြင်း ဖြစ်သည်။
ဥရောပတိုက်အတွက် ဒရုန်းကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်မည့် အစီအစဉ်ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်များက အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။
ဒိန်းမတ် လေပိုင်နက်ထဲ ပြင်ပနိုင်ငံတစ်ခုက ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကြောင့် နိုင်ငံအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေး၏ လုံခြုံရေးကို ဥရောပနိုင်ငံများမှ စေလွှတ်သည့် တပ်ဖွဲ့များ၊ ဒရုန်းဖျက်စနစ်များဖြင့် ပိုမိုတင်းကျပ်ထားခဲ့သည်။
အောက်တိုဘာလ ၃ ရက်အထိ ဒိန်းမတ်နိုင်ငံအတွင်း ဒရုန်းပျံသန်းမှုအားလုံးကို ပိတ်ပင်ထားခဲ့သည်။
နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte က ယင်းသို့ ဥရောပဒရုန်းကာကွယ်ရေးစနစ် တည်ဆောက်မည့် အစီအစဉ်ကို “အချိန်မီ လိုအပ်နေသည့်အရာ” အဖြစ် ချီးကျူးပြောဆိုခဲ့သည်။
မကြာသေးမီက ပိုလန်နှင့် အက်စ်တိုးနီးယားနိုင်ငံ လေပိုင်နက်ထဲသို့ ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်မှုအပါအဝင် ဥရောပလေပိုင်နက်ထဲကို ရုရှားက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးကျော်ဝင်ရောက်နေကြောင်း ဥရောပနိုင်ငံ အာဏာပိုင်များက စွပ်စွဲခဲ့သည်။
ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးအပြီးတွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က “ဥရောပဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရမယ်” ဟု ပြောဆိုခဲ့သည်။
“ကျွန်မတို့ရဲ့ ဒရုန်းထုတ်လုပ်မှုနဲ့ ဒရုန်းဖျက်စွမ်းရည်တွေကို ပိုအားကောင်းအောင် လုပ်ဖို့လိုအပ်တယ်။ ဒီလိုလုပ်ရာမှာ ပြင်ပကျူးကျော်မှုတွေကနေ ကာကွယ်ပေးနိုင်၊ ဖျက်ချပေးနိုင်တဲ့ ဥရောပဒရုန်းဖျက် ကွန်ရက်ကို တည်ဆောက်ရေးလည်း ပါဝင်တယ်” ဟု သူမက ပြောသည်။
ပြီးခဲ့သည့်အပတ်တွင် ဒိန်းမတ် လေပိုင်နက်အတွင်းသို့ ပြင်ပဒရုန်းများ ကျူးကျော်ဝင်ရောက်ခဲ့ပြီး လေဆိပ်အတော်များများတွင် ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်များအတွက် မည်သူတွင် တာဝန်ရှိသနည်းဆိုသည်ကို ဒိန်းမတ်အစိုးရက တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
သို့သော် ဒိန်းမတ်ဝန်ကြီးချုပ် Frederiksen ကမူ ယင်းမှာ ရုရှားလက်ချက်ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားသည်။
ဥရောပလုံခြုံရေးနှင့် ယူကရိန်းအတွက် ဥရောပတိုက်က တာဝန်ပိုယူရန် ဥရောပခေါင်းဆောင်များကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာမြင့်စွာကတည်းက ဖိအားပေးနေခဲ့သည်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ဥရောပလေပိုင်နက်ထဲသို့ ရုရှားက ကျူးကျော်ဝင်ရောက်သည့် ဖြစ်ရပ်များက ဥရောပလုံခြုံရေးအတွက် ရုရှားအား အဓိကခြိမ်းခြောက်မှုအဖြစ် ဥရောပသမဂ္ဂခေါင်းဆောင်များက ရှုမြင်လာကြောင်း မီးမောင်းထိုးပြနေသည်။
အဆိုပါ ဖြစ်ရပ်များကြောင့် ဥရောပ၏ ကာကွယ်ရေးကို ပိုအားကောင်းအောင် မြှင့်တင်ရေး ကြိုးပမ်းမှုများ ပိုအရှိန်မြင့်လာစေခဲ့သည်။
Source: Reuters