BREAKING
October 18, 2025

အရှေ့တီမောက ဘာကြောင့် မြန်မာစစ်အုပ်စုနဲ့ ပလဲနံပသင့်ချင်တာလဲ

October 2, 2025

အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံအဖွဲ့ဝင်အဖြစ် ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ရေး အရှေ့တီမောက ကြိုးစားနေချိန် မြန်မာစစ်အုပ်စုအပေါ် အရှေ့တီမောရဲ့ သဘောထားရပ်တည်ချက် ပြောင်းလဲသွားမှုဟာ အရှေ့တောင်အာရှတလွှားမှာ သတိထားစောင့်ကြည့်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး နိုင်ငံကို ပြည်တွင်းစစ်မက် ပဋိပက္ခထဲ နစ်မြုပ်စေခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့အတူ အာဏာရလာတဲ့ မြန်မာစစ်အုပ်စုကို ပြင်းပြင်းထန်ထန် ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆိုလေ့ရှိခဲ့တဲ့ အရှေ့တီမောဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်းမှာပဲ မြန်မာစစ်အုပ်စုအပေါ် သိသိသာသာ ပိုမိုပျော့ပျောင်းတဲ့ သဘောထားကို ကျင့်သုံးလာခဲ့ပါတယ်။

အရှေ့တီမောမြေပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို အတိုက်အခံအုပ်စုတွေကို လှုပ်ရှားခွင့် ၊ ရုံးခန်းဖွင့်ခွင့် ပေးမှာ မဟုတ်ဘူးလို့ အရှေ့တီမောအစိုးရက မြန်မာစစ်အုပ်စုကို အခုလ အစောပိုင်းမှာပဲ အာမခံပြောဆိုခဲ့ပါတယ်။ ဒါဟာ အရှေ့တီမောရဲ့ သံတမန်ရေး ဂငယ်အကွေ့ပါပဲ။

ဒီအပြောင်းအလဲဟာ အရှေ့တီမောရဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရပါတယ်။ အာဆီယံအဖွဲ့ထဲ ဝင်ရောက်ဖို့ အကြာကြီး ကြိုးစားလာခဲ့ရတဲ့ အရှေ့တီမောအဖို့ ဒီအပြောင်းအလဲဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားက စိုးရိမ်မှုကို လျှော့ချပြီး မိမိ အဖွဲ့ဝင်ဖြစ်ရေးအတွက် နောက်ဆုံးအဟန့်အတားတွေကို ဖယ်ရှားဖို့ ရည်ရွယ်တဲ့ လက်တွေ့ဆန်တဲ့ လုပ်ရပ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရတာပါ။

“ဒီလီ(အရှေ့တီမောရဲ့ မြို့တော်) အနေနဲ့ သူတို့ အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအပေါ်မှာ အဟန့်အတားရှိနေတာမျိုး လိုချင်မှာ မဟုတ်ပါဘူး” လို့ နိုင်ငံရေးသုတေသီတစ်ဦးဖြစ်သူ Vu Lam က ပြောပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ နီးကပ်လာမှုနဲ့ ဆက်စပ်နေတဲ့ လက်တွေ့မဟာဗျူဟာမြောက် ဖိအားတွေပဲ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

ISEAS – Yusof Ishak Institute’s Asean Studies Centre က အကြီးတန်း သုတေသီတစ်ဦးဖြစ်တဲ့ Joanne Lin မှာလည်း ဒီလိုမျိုး တူညီတဲ့ အမြင်ရှိပါတယ်။

“ဒီနေရာကို ရောက်လာဖို့ အရှေ့တီမောက အများကြီး ကျော်ဖြတ်လာခဲ့ပြီးပြီ။ အောက်တိုဘာ အာဆီယံထိပ်သီး အစည်းအဝေးမတိုင်ခင် ရက်ပိုင်းအတွင်း ၊ ဒါမှမဟုတ် သီတင်းပတ်အတွင်းမှာပဲ သူ့ရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအပေါ် သံသယဝင်လာစေနိုင်မယ့် ပြဿနာတွေ ပေါ်လာမှာကိုတော့ သူတို့ မလိုချင်ဆုံး ဖြစ်မှာပဲ”

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ ရွေးချယ်မှု

Timor-Leste လို့လည်း သိကြတဲ့ အရှေ့တီမောဟာ အာဆီယံအဖွဲ့ထဲဝင်ခွင့်ရဖို့ တံခါးခုံပေါ်မှာ ရှိနေခဲ့တာ ဆယ်စုနှစ်ချီ ကြာခဲ့ပါပြီ။ အင်ဒိုနီးရှားလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပြီး အနှစ် ၂၀ ကျော်အကြာ ၂၀၂၂ ခုနှစ်မှာမှ အာဆီယံအဖွဲ့ရဲ့ လေ့လာသူနိုင်ငံအဆင့်ကို အရှေ့တီမောက ရခဲ့ပါတယ်။

လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အရှေ့တီမောရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို တရားဝင် အတည်ပြုသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးဆီ ရှေးရှုတဲ့ အရှေ့တီမောရဲ့ သံတမန်ရေးလမ်းခရီးဟာ ဖြောင့်ဖြူးနေတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် ဒီလီက လူသိရှင်ကြား ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချလေ့ရှိပါတယ်။ ဒါကြောင့်ပဲ ၂၀၂၃ ခုနှစ်မှာ အရှေ့တီမောသံအမတ်ကို မြန်မာနိုင်ငံကနေ စစ်အုပ်စုက နှင်ထုတ်ခဲ့ပါတယ်။

အရှေ့တီမောရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို မထောက်ခံဘူးလို့ မြန်မာစစ်အုပ်စုက အာဆီယံဥက္ကဋ္ဌမလေးရှားကို အခုနှစ် အစောပိုင်းမှာပဲ အကြောင်းကြားခဲ့ပါတယ်။ အားလုံးဘုံသဘောတူညီချက်အပေါ် အခြေခံတဲ့ အာဆီယံအဖွဲ့အတွင်းမှာ ဒါက တကယ့်ကို အရှိုက်ထိတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

စက်တင်ဘာလအစောပိုင်းမှာ လုပ်ခဲ့တဲ့ အရှေ့တီမောနဲ့ မြန်မာစစ်အုပ်စုအကြား သီးသန့်ဆွေးနွေးမှုတွေက နှစ်ဦးနှစ်ဖက်ဆက်ဆံရေးမှာ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်စေခဲ့သလိုပါပဲ။

စက်တင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အရှေ့တီမောက နေပြည်တော်အနေနဲ့ ဒီလီမှာ သံရုံးလာဖွင့်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ တရားမဝင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို အရှေ့တီမောနိုင်ငံအတွင်းမှာ ရှိခွင့်မပြုဖို့ဆိုတဲ့ ကတိကဝတ်ကိုလည်း အရှေ့တီမောက ထပ်လောင်းအတည်ပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါက မြန်မာအတိုက်အခံအုပ်စုတွေကို သွယ်ဝိုက်ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်က အာဆီယံအဖွဲ့အတွင်းမှာ ရှိနေတဲ့ ကြာညောင်းတဲ့ တင်းမာမှုတွေကို မီးမောင်းထိုးပြနေတယ်လို့ အာဆီယံစောင့်ကြည်သူတွေက ဆိုပါတယ်။ အာဆီယံအဖွဲ့ရဲ့ မူဝါဒဖြစ်တဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူနဲ့ လူ့အခွင့်အရေးအကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် မဖြစ်မနေတာဝန်ဆိုတဲ့ အရာနှစ်ခုကြားက ကြာညောင်းတဲ့ တင်းမာမှုတွေပဲ ဖြစ်ပါတယ်။

“ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်အုပ်စုကို de facto အသိအမှတ်ပြုမှု ပေးနေဆဲဖြစ်တာမို့လို့ အာဆီယံအဖွဲ့အနေနဲ့ အရှေ့တီမောကို မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေးအဆင်ပြေအောင် လုပ်စေချင်တယ်လို့ ကျွန်မထင်ပါတယ်။ ဌာနဆိုင်ရာ အရာရှိအဆင့်မှာ ပူးပေါင်းဆောင်ရွက်ပေမယ့် နိုင်ငံရေးရာထူးယူထားတဲ့ ခေါင်းဆောင်တွေကိုတော့ အစည်းအဝေးတက်ခွင့်မပေးတဲ့ အာဆီယံရဲ့ တရားဝင်ရပ်တည်ချက်အတိုင်း အရှေ့တီမောက ကျင့်သုံးတာမျိုး အာဆီယံအဖွဲ့က လိုလားတယ်လို့ ကျွန်မ ထင်ပါတယ်” လို့ ISEAS – Yusof Ishak Institute က အကြီးတန်းသုတေသီတစ်ဦး ဖြစ်တဲ့ Sharon Seah က ဆိုပါတယ်။ သူမဟာ Asean Studies Centre က ညှိနှိုင်းရေးမှူးတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာအတိုက်အခံအုပ်စုတွေနဲ့ အဆက်ဖြတ်ပါ့မယ်ဆိုတဲ့ ဒီလီရဲ့ ထင်ရှားတဲ့ ကတိကဝတ်ဟာ မြန်မာစစ်အုပ်စုကိုရော အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုပါ ရည်ရွယ်တဲ့ သတင်းစကား ဖြစ်တယ်လို့ သူမက ထောက်ပြပါတယ်။

“ဘယ်အာဆီယံအဖွဲ့ဝင်နိုင်ငံမှာမှ NUG ရုံးတွေ ဖွင့်ထားတာ မရှိဘူး။ ဒါပေမဲ့ ဒါက ဒေသတွင်းအစိုးရတွေအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှုမရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ အာဆီယံဒေသတွင်းအစိုးရတွေဟာ NUG နဲ့ ထိတွေ့ဆက်ဆံနေကြဆဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံအတွင်းမှာရော အပြင်မှာပါရှိတဲ့ သက်ဆိုင်သူအားလုံး ပါဝင်မှ ဖြစ်မှာမို့လို့ပါပဲ” လို့ သူမက ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာအတိုက်အခံအုပ်စုတွေနဲ့ အဆက်ဖြတ်ပါ့မယ်ဆိုတဲ့ ဒီလီရဲ့ ဆုံးဖြတ်ချက်ဟာ အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြားမှာ စိုးရိမ်စရာတွေ ဖြစ်စေခဲ့ပါတယ်။

“ဒါက ထိလွယ်ရှလွယ် ကိစ္စတစ်ခုကို စကားဝိုင်းကနေ ဖယ်ရှားလိုက်တာမို့လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ ဒီလိုမျိုး တင်းမာမှုလျှော့ကျသွားမယ့်ဟာကို ကြိုဆိုကြမှာပါ”လို့ Lin က ပြောပါတယ်။

“ဒါပေမဲ့ အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအဖို့ ၊ အထူးသဖြင့် ဒီမိုကရေစီပိုဆန်တဲ့ အင်ဒိုနီးရှား (သို့) မလေးရှားလို နိုင်ငံတွေအဖို့ကတော့ အရှေ့တီမောက သူတို့ရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သေချာစေဖို့အတွက် သူတို့ရဲ့ အရင်က စံတန်ဖိုးတွေကနေ နောက်ဆုတ်လိုက်တဲ့အပေါ် စိတ်မသက်မသာ ဖြစ်တာမျိုး ရှိနိုင်တယ်”

အရှေ့တီမောရဲ့ ဒီလိုမျိုး ရုတ်ချည်းပြောင်းလဲသွားမှုက လက်မခံနိုင်စရာဆိုပေမယ့် ဒါဟာ အရှေ့တီမောရဲ့ ပြည်တွင်းဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးဟာ အာဆီယံအဖွဲ့ရဲ့ မဏ္ဍိုင်မူဝါဒတစ်ရပ်ဖြစ်တယ်လို့ ပထဝီနိုင်ငံရေးသုတေသီ Matteo Piasentini က ဆိုပါတယ်။ သူဟာ University of the Philippines က နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကထိကတစ်ဦးလည်း ဖြစ်ပါတယ်။

“ဒါက အာဆီယံနိုင်ငံတွေ လေးစားလိုက်နာကြတဲ့ အချုပ်အခြာအာဏာအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပါပဲ” လို့ Matteo Piasentini က ပြောပါတယ်။

မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေးအဆင်ပြေအောင် လုပ်ဖို့ ဒီလီကို အာဆီယံအဖွဲ့က အတင်းအကျပ် ဖိအားပေးခဲ့တာမျိုးလည်း မရှိဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။

ဘုံသဘောတူဆုံးဖြတ်ချက်ရဲ့ တန်ကြေး

“အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ရရေးနဲ့ ဒေသတွင်းအားလုံးဘုံသဘောတူဆုံးဖြတ်ချက်ကို ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးအပေါ် အားပေးထောက်ခံမှုထက် ပိုပြီး ဦးစားပေးလိုက်ရခြင်းရဲ့ တန်ကြေးကို ဒီဖြစ်ရပ်က သရုပ်ဖော်ပြသနေတယ်”လို့ အရှေ့တောင်အာရှရေးရာကို အထူးပြုလေ့လာတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Vu Lam က ဆိုပါတယ်။

မြန်မာစစ်အုပ်စုအနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အာဆီယံအဖွဲ့ရဲ့ အရေးယူဆောင်ရွက်နိုင်စွမ်းကို ဒါက ပိုကန့်သတ်လိုက်သလို ဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်က ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ပထမအဆင့်ကို လုပ်ဖို့ ပြင်ဆင်နေချိန် အာဆီယံက ဒေသတွင်းသဟဇာတဖြစ်မှုကိုပဲ ပြန်ပြီးတော့ ပိုဦးစားပေးနေတယ်ဆိုတာကို ဒီအဖြစ်အပျက်က ပြသနေတယ်ဆိုတာကို သူက သတိပေးပါတယ်။

ဒါပေမဲ့လည်း Lin ကတော့ အရှေ့တီမောရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးနဲ့ မြန်မာရွေးကောက်ပွဲကိစ္စကို အောက်တိုဘာလ ထိပ်သီးအစည်းအဝေးမတိုင်မီမှာ အာဆီယံအဖွဲ့က သီးခြားစီ ကိုင်တွယ်ဖြေရှင်းသွားမှာပဲလို့ အလေးအနက် ပြောပါတယ်။

“တကယ်တော့ အာဆီယံဥက္ကဋ္ဌတော်တော်များများက NUG နဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရတာ မရှိပါဘူး”လို့ သူမက ပြောပါတယ်။

“ဒီကိစ္စမှာတော့ အာဆီယံရဲ့ မူတွေကို အရှေ့တီမောက ချိုးဖောက်တာနဲ့မတူဘဲ အရှေ့တီမောအနေနဲ့ ဒီလိုအလျှော့ပေးလိုက်ရအောင် ဖိအားပေးခံရတာ ၊ အနိုင်ကျင့်ခံခဲ့ရတာမျိုးပဲ ဖြစ်ဖို့ ပိုများပါတယ်”လို့ သူမက ပြောပါတယ်။

“အခုအချိန်မှာ အရေးကြီးဆုံးကတော့ အရှေ့တီမောအနေနဲ့ အာဆီယံဥက္ကဋ္ဌကို ဝန်ပိစေမယ့် နောက်ထပ်အငြင်းပွားစရာပြဿနာသစ်တစ်ခု မဖန်တီးမိအောင် ရှောင်ရှားဖို့ပါပဲ။ ပြီးတော့ နဂိုကတည်းက စုပြုံနေပြီးသား အာဆီယံထိပ်သီးအစည်းအဝေးရဲ့ အာဂျင်ဒါထဲမှာ ဒီလိုမျိုး နောက်ထပ်ပြဿနာသစ်တစ်ခု ထပ်ပေါင်းမထည့်လိုက်မိဖို့ပါပဲ” လို့ Lin က ဖြည့်စွက်ပြောခဲ့ပါတယ်။

(South China Morning Post တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားသည့် ‘East Timor’s Asean dreams see it mend fences with Myanmar’s military junta’ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)