BREAKING
October 19, 2025

အာဖဂန်နစ္စတန်မှာ အင်တာနက် ပြန်ရ

October 2, 2025

ဓာတ်ပုံ - EPA

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အစိုးရက အောက်တိုဘာလ ၁ ရက်နေ့က အင်တာနက် ပြန်ဖွင့်ပေးလိုက်သောကြောင့် နိုင်ငံသားများစွာ ဝမ်းသာအားရ လမ်းပေါ်ထွက်လာခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှ စ၍ အင်တာနက်လိုင်းများ စတင်ပိတ်ပင်လိုက်မှုကြောင့် တာလီဘန်အစိုးရအပေါ် ကျယ်ကျယ်ပြန့်ပြန့် အပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်လာပြီးနောက် အင်တာနက် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးလိုင်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသော်လည်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Netblocks က အင်တာနက်လိုင်းမှာ တစ်ဝက်တစ်ပျက်သာ ပြန်ရသေးသည်ဟု ပြောသည်။

တာလီဘန်ဝန်ကြီးချုပ်၏ အမိန့်အရ အင်တာနက်ပြန်ရလာခြင်း ဖြစ်ကြောင်း တာလီဘန်အစိုးရနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကို ကိုးကား၍ BBC သတင်းတွင် ဖော်ပြသည်။

၄၈ နာရီကြာ အင်တာနက်ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ၊ လေယာဉ်ခရီးစဉ်များတွင် အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများ ကန့်သတ်ခံလိုက်ရသည်။

သဘောထားတင်းမာသည့် အစ္စလာမ္မစ်ဝါဒီ တာလီဘန်များ အာဖဂန်နစ္စတန်တွင် အာဏာရလာသည့် ၂၀၂၁ ခုနှစ်ကတည်းက လူ့အခွင့်အရေး ပိုမိုချိုးဖောက်ခံလာရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ အင်တာနက်ပိတ်ပင်မှုကြောင့် ကမ္ဘာနှင့် အဆက်ပြတ်သွားမည့်အရေး စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

ဗုဒ္ဓဟူး‌နေ့က မြို့တော်ကဘူးလ်တွင် ဒေသခံရာပေါင်းများစွာ လမ်းပေါ်ထွက်လာခဲ့ကြကာ အင်တာနက်ပြန်ရပြီဖြစ်ကြောင်း အချင်းချင်းသတင်းဖြန့်ဝေ ပြောဆိုခဲ့ကြသည်။

“လူတိုင်း ဆဲလ်ဖုန်းတွေ ကိုင်ပြီး မိသားစုဆွေမျိုးတွေနဲ့ စကားပြောရင်းနဲ့ လူတိုင်း ပျော်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

“အင်တာနက်ပြန်ရလာတော့ အမျိုးသမီးတွေရော ၊ အမျိုးသားတွေနဲ့ တာလီဘန်အဖွဲ့ဝင်တွေပါ လူတိုင်း ဖုန်းတစ်လုံးစီနဲ့ စကားပြောနေကြတယ်။ မြို့ထဲမှာ အခု လူစုလူဝေးတွေ ပိုများလာတယ်” ဟု ၎င်းက ပြောသည်။

အင်တာနက်ဖြတ်တောက်မှုနှင့် ပတ်သက်၍ တာလီဘန်အစိုးရက လက်ရှိအချိန်အထိ တရားဝင်ရှင်းလင်းချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

Source: BBC