ထားဝယ်မြို့ ၊ ရှမ္မလည်ဆွဲရပ်ကွက်တွင် တည်ရှိသည့် စရီမာရီးယမ္မားမယ်တော်(ခ) မမဘုရားမှာ ယနေ့ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းကစ၍ မြို့တွင်းသို့ လှည့်လည် အပူဇော်ခံနေသည်။
ကိုဗစ်ကာလမှစကာ မြို့တွင်းလှည့်လည်ပွဲရပ်နားထားရာမှ ၂၀၂၄ ခုနှစ်တွင် ဘုရားလှည့်ပွဲ ပြန်ကျင်းပခဲ့သဖြင့် ယခုနှစ်မှာ မမဘုရား မြို့တွင်းပြန်အပူဇော်ခံသည့် ဒုတိယမြောက်နှစ် ဖြစ်သည်။
ယာဥ်တန်းအများအပြား၊ ပဒေသာပင်ကားများနှင့် ဖျော်ဖြေယာဥ်များ ပါဝင်ခြင်းမရှိဘဲ ယမန်နှစ်ကဲ့သို့ပင် ရှေ့ပွိုင့်ကား အနည်းငယ် နှင့်ဘုရားလှည်းတစ်စီးတို့သာ ယနေ့လှည့်လည်ရာတွင်ပါဝင်သည်ဟု မြို့ခံများထံမှသိရသည်။
ဘုရားလှည့်ပွဲ မစမီပြုလုပ်ရသည့် လေးခွင်းပွဲ(ခ)လေးပစ်ပွဲကိုလည်း ယခင်ကဲ့သို့ မျှော်အင်းရေကန်တွင် သွားမလုပ်ဘဲ ဘုရားကျောင်းအတွင်း၌သာ အကျဥ်းရုံးပြုလုပ်ခဲ့သည်ကို တွေ့ရသည် ။















မမဘုရားလှည့်ပွဲသည် နှစ်ပေါင်းရာကျော်သက်တမ်းရှိ ထားဝယ်ဒေသ၏ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်သလို ပွင့်လင်းရာသီ၏ ပွဲဦးထွက်ပွဲတော်လည်း ဖြစ်သည်။
ကိုဗစ်မတိုင်မီက ကျင်းပသည့်ပုံစံမှာ ဘုရားပွဲဆယ်ရက်မြောက် နေ့လယ်ပိုင်းတွင် ဘုရားကျောင်းမှစထွက်၍ ညလုံးပေါက် မြို့တွင်းလှည့်လည်ပြီး နောက်တစ်နေ့ နေ့လယ်ပိုင်းရောက်မှ ဘုရားကျောင်းသို့ပြန်ဝင်၍ ဘုရားပွဲပြီးဆုံးသည်ဟု မြို့သူမြို့သားများထံက သိရသည်။
မမဘုရားပွဲကို နှစ်စဥ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ ၁၀ ရက်အထိပြုလုပ်ပြီး ၁၁ ရက်တွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံလေ့ရှိသည်။







