BREAKING
October 19, 2025

ဂဏဝိမုတ်ကူးတို့ဂိုဏ်း လောင်းလုံးမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူ

September 2, 2025

လောင်းလုံးမြို့နယ် ၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း ဥက္ကဋ္ဌ ၊ မင်းရပ်ချောင်ပဋိပတ္တိသာသနာ့ရိပ်သာ အဖွဲ့ချုပ်နာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာသည် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ ညသန်းခေါင်ကျော်တွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။

ဆရာတော်သည် သက်တော် ၇၀ ၊ဝါတော် ၅၀ ရှိပြီဖြစ်ပြီး တော်သလင်းလဆန်း ၁၁ ရက် ၊အင်္ဂါနေ့ နံနက် ၀၀ နာရီ ၁၆ မိနစ်အချိန်တွင် ၉၆ ပါးသောရောဂါဖြင့် ဆရာတော်သီတင်းသုံးရာ လောင်းလုံးမြို့နယ် လေးသွန်းခံ ကျေးရွာရှိ ကောတောကျောင်းတွင် ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း ဆရာတော်၏တပည့် ဆရာတော် ဦး၀ရဉာဏက မိန့်ကြားသည်။

“ဆရာတော် နာမကျန်း ဖြစ်နေတာ သုံးနှစ်လောက်ရှိပြီ ဆရာတော်ရဲ့ ဥတုဇ ရုပ်ကလပ်ကို ရွာမှာပဲ ၇ ရက် ပူဇော်ခံ ထားရှိမှာပါ” ဟု ဦး၀ရဉာဏက မိန့်သည်။

ဆရာတော်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်ကို တော်သလင်းလပြည်ကျော် ၁ ရက် နေ့ တွင် လောင်းလုံးမြို့နယ်ရှိ လေးသွန်းခံ ကျေးရွာ သုဿန်၌ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် ကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာ တို့ထံမှသိရသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင်အချိန်အထိ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ ဂဏဝိမုတ်ကူးတို့ ဂိုဏ်း၏ ဥက္ကဋ္ဌဆရာတော်အဖြစ် ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့ တာဝန်များကို ထမ်းဆောင် တော်မူခဲ့သည်။

ထို့အပြင် ဆရာတော်သည် လောင်းလုံးမြို့နယ် မင်းရပ် ကျေးရွာ ၊ မင်းရပ်ချောင် ပဋိပတ္တိသာသနာ့ ရိပ်သာအဖွဲ့ ချုပ်၏ မဟာကမ္မဌာနစရိယ နာယက ဆရာတော်အဖြစ် မင်းရပ်ချောင်နှင့် လောင်းလုံးမြို့နယ် လေးသွန်းခံ ကျေးရွာ ကောတောကျောင်းတို့ ၌ နှစ်ပေါင်း ၃၀ ထက်မနည်း တရားဟောတရားပြအဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတော်မှ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်းခဲ့သည်။

ဆရာတော်သည် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာဇာတိဖြစ်ပြီး ခမည်းတော် ဦးအေးလှိုင်နှင့် မယ်တော် ဒေါ်တင်အောင်တို့မှ ၁၉၅၅ ခုနှစ် တွင်ဖွားမြင်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်စံညွန့် ဖြစ်သည်။