ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဖဂန်နစ္စတန် ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၉၀၀ ရှိလာ

September 2, 2025

ဓာတ်ပုံ - Reuters

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် တနင်္ဂနွေနေ့ ညပိုင်းက မဂ္ဂနီကျု ၆.၀ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၉၀၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ကူနားပြည်နယ်ရှိ ကျေးရွာတော်တော်များများမှာ မြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီဟု Al Jazeera သတင်းတွင် ဖော်ပြသည်။

ကားလမ်းများနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် ကယ်ဆယ်ရေးလုပ်သားများမှာ ငလျင်ဒဏ်သင့် ဝေးလံခေါင်ဖျားသည့် တောင်တန်းဒေသများသို့ သွားရောက်နိုင်ရန် ရုန်းကန်ရလျက် ရှိကြောင်း သိရသည်။

ငလျင်မှာ တနင်္ဂနွေနေ့ည ဒေသစံတော်ချိန် ၁၁ နာရီ ၄၇ မိနစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟောပြည်နယ် ၊ ဂျလဲလာဘတ်မြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

ငလျင်မှာ မြေအောက်အနက် ၅ မိုင်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ရာ မြေအောက်အနက်တိမ်သော ငလျင်ဖြစ်၍ ထိခိုက်ပျက်စီးမှုပိုများပြားစေကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ငလျင်မကြာခဏ လှုပ်လေ့ရှိသည့် နိုင်ငံဖြစ်သည်။

အထူးသဖြင့် ယူရေးရှကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာတို့ ဆုံချက်ဖြစ်သည့် ဟိန္ဒူကုရှ် တောင်တန်းအနီးတွင် ငလျင်လှုပ်ခတ်လေ့ရှိသည်။

Source: Al Jazeera ၊ Sky News