BREAKING
October 18, 2025

ရှင်သန်ရေး ရုန်းကန်နေရသည့် ဒေသဒူးရင်းများ

September 2, 2025

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အဝင်ရှိ မြို့အဝင်ဆိုင်းဘုတ်ကို ဒူးရင်းသီးပုံဖြင့် ဂုဏ်ယူစွာ ရုပ်လုံးဖော်ထားသည်။

တနင်္သာရီတိုင်းသည် ဒူးရင်းပင် စိုက်ပျိုးဖြစ်ထွန်းသော ဒေသတစ်ခု၊ အထူးသဖြင့် ရေဖြူ၊ သရက်ချောင်း၊ တနင်္သာရီနှင့် ထားဝယ်ဒေသတို့သည် အရသာထူးကဲသော ဒူးရင်းသီးများ ထွက်ရှိရာဒေသများဟု နာမည်ကျော်ကြားသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ဒေသထွက် ဒူးရင်းသီးများမှာ ပြည်ပမှ ဝင်ရောက်လာသော ကိုင်းကူးမျိုးစပ် ဒူးရင်းသီးများအကြား မျက်နှာငယ်နေရပြီ ဖြစ်သည်။

ဒူးရင်းပင်သည် ထားဝယ်ဒေသ သို့မဟုတ် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းအပင် မဟုတ်သော်လည်း ထားဝယ်ဒေသ၌ ဆယ်စုနှစ်များစွာ ပေါက်ရောက်ရှင်သန်နေသော အပင်အမျိုးအစားတစ်ခု ဖြစ်နေခြင်းကြောင့် ဒေသမျိုးအဖြစ်ပြောဆိုကြသည်။

သို့သော် ယနေ့တွင်တော့ ဒူးရင်းပင်စိုက်ပျိုးသူများမှာ ဆယ်စုနှစ်များစွာ အရိုင်းဆန်စွာ ရှင်သန်ပေါက်ရောက်နေသော ဒေသတွင်းမျိုးရင်း ဒူးရင်းပင်များထက် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကိုင်းကူးမျိုးဆက်များကိုသာ အသာပေး စိုက်ပျိုးလာကြသည်။

နှစ်ကာလကြာရှည် ပေါက်ရောက်နေသော ဒေသမျိုးရင်း ဒူးရင်းပင်များကို မျိုးကောင်း၊ မျိုးသန့်အဖြစ် စနစ်တကျ ပြန်လည်ထိန်းသိမ်းပြီး စိုက်ပျိုးသူ မရှိသလောက် ရှားပါးလာခြင်းနှင့်အတူ ဒေသခံများကိုယ်တိုင်လည်း နိုင်ငံခြားမျိုး ကိုင်းကူးဒူးရင်းများအပေါ် ခုံမင်လာကြသည်။

ဈေးကွက်၏ တောင်းဆိုချက်အရ ထိုင်းနှင့် မလေးရှားဒူးရင်း ကိုင်းကူးမျိုးများ ဒေသတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း ရေရှည်တွင်မူ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ပညာရှင်များက ထောက်ပြနေကြသည်။

သို့သော်အခြားတစ်ဖက်တွင်လည်း ဒေသရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော၊ နှစ်ရှည်ပေါက်ရောက်နေသော ဒေသမျိုးရင်း ဒူးရင်းပင်များကို ကိုင်းဆက်၊ ကိုင်းကူးနည်းစနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဖော်ထုတ်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသအပင်များ မပျောက်ကွယ်စေရန် ထိန်းသိမ်းပြီးသားဖြစ်သည်ဟု စိုက်ပျိုးရေးပညာရှင်များက ပြောဆိုကြသည်။

ဒေသမျိုးနှင့် ပြည်ပကိုင်းကူးမျိုး

ဒေသမျိုးနှင့် နိုင်ငံခြားကိုင်းကူးမျိုးတို့ကို နှိုင်းယှဉ်ပါက အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိကြသည်။

ထိုင်းမျိုး မွန်ထောင်းနှင့် မလေးရှားဆူးမဲတို့ကဲ့သို့ ဒူးရင်းမျိုးများသည် မြန်မာနိုင်ငံတွင်ရော တနင်္သာရီတိုင်းတွင်ပါ နောက်ပိုင်း အကျယ်ပြန့်ဆုံး စိုက်ပျိုးလာသည့် မျိုးစိတ်ဖြစ်သည်။

၎င်းမျိုးများသည် အရသာကောင်းမွန်ခြင်း၊ အစေ့ငယ်ပြီးအသားများခြင်း၊ အသီးထွက်နှုန်းကောင်းခြင်း၊ နှစ်ရှည်ပင်ဖြစ်ခြင်းတို့ကြောင့် ပြည်ပတင်ပို့ရောင်းတန်းဝင်ကြသည်။

တနင်္သာရီတိုင်း၏ ရာသီဥတုနှင့် မြေဆီလွှာမှာ ဒူးရင်းစိုက်ပျိုးရန် အလွန်သင့်တော်သဖြင့် အရည်အသွေးမြင့် နိုင်ငံခြားမျိုးရင်းများ အောင်မြင်စွာစိုက်ပျိုးနိုင်ခြေရှိကြောင်း ပြောဆိုကြသည်။

ထိုင်းမွန်ထောင်နှင့် မ‌လေးရှားဆူးမဲမျိုးများမှာ ဒေသမျိုးဒူးရင်းများထက် အရည်အသွေး ကောင်းမွန်သဖြင့် ဈေးကွက်နေရာရကာ ဝင်ငွေကောင်းသည့် နှစ်ရှည်ပင်ဖြစ်သောကြောင့် ဒေသခံတောင်သူများ စီးပွားရေးအရ တွက်ချက် စိုက်ပျိုးလာကြခြင်းဖြစ်သည်။

ထားဝယ်ဒေသမျိုးရင်း ဒူးရင်းသီး၏ အဓိကအားနည်းချက်မှာ အနံ့၊ အရသာ တစ်သမတ်တည်း မရှိခြင်းနှင့် အထွက်နှုန်း မမှန်ခြင်းတို့ ဖြစ်ကြောင်း ဒူးရင်းခြံရှင်အချို့က ပြောသည်။

ဒူးရင်းသီး၏ အထွက်နှုန်းနှင့် အနံ့အရသာသည် ရာသီဥတုအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသည်ဟုလည်း ၎င်းတို့က ဆိုသည်။

“ရာသီဥတုမကောင်းရင်လည်း အသီးထွက်နည်းတယ်။ မိုးမိရင်လည်း (ဒူးရင်းသီးထဲ) ရေဝင်ပြီး အရသာပျက်သွားတာတွေ ရှိတယ်။ အဲဒီလိုဖြစ်ရင်တော့ ကိုယ်လိုချင်တဲ့ဈေး ဘယ်ရတော့မလဲ” ဟု လောင်းလုံးမြို့နယ်ရှိ ဒေသမျိုးရင်းဒူးရင်းခြံပိုင်ရှင်တစ်ဦးက ပြောပြသည်။

ရာသီဥတု ကောင်းမွန်သဖြင့် ဒူးရင်းသီး အထွက်ကောင်းသောနှစ်တွင် ဒေသဒူးရင်းသီး ပေါများသဖြင့် ဈေးကောင်းမရခြင်းများလည်း ရှိသည်။ အထွက်နည်းသောနှစ်များတွင်မူ ဈေးကောင်းရသော်လည်း စားသုံးသူများအတွက် လုံလောက်စွာ ရောင်းချမပေးနိုင်ကြောင်းလည်း ခြံပိုင်ရှင်အချို့က ဆိုသည်။

ထိုအချက်များကြောင့်ပင် အရည်အသွေးကောင်းမွန်သည့် ထိုင်းနိုင်ငံမှ မွန်ထောင်းဒူးရင်းနှင့် မလေးရှားနိုင်ငံမှ ဆူးမဲဒူးရင်းတို့သည် တနင်္သာရီတိုင်း ဈေးကွက်တွင် နေရာရလာခြင်းဖြစ်ပြီး စိုက်ပျိုးသည့် ဒေသခံများလည်း များပြားလာခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။

“အဓိက စိုက်နေတာက ယိုးဒယားမျိုး၊ မလေးရှားမျိုး ဒီဟာတွေပဲ စိုက်ဖို့ လမ်းညွှန်ပေးနေတယ်။ (ဒေသဒူးရင်း) ဆိုတာက အရိုင်းပေါ့။ အစေ့ကြီးမယ်။ အရသာအားဖြင့် တည်ငြိမ်မှုမရှိဘူး။ ကောင်းတဲ့အပင်လည်း ကောင်းမယ်။ တချို့အပင်ဆိုရင်လည်း မကောင်းဘူး။ ကိုင်းဆက်မျိုးက ပိုသေချာတယ်။ ဒီအရသာ၊ ဒီအရည်အသွေး၊ ဒီပုံစံ၊ ဒီအရွယ်အစား၊ အရောင်အဆင်း ကွက်တိရတယ်” ဟု ဒေသတွင်း ဒူးရင်းခြံစိုက်ပျိုးရေး ဝန်ဆောင်မှုပေးနေသူ ကိုသားကြီးလေးက ရှင်းပြသည်။

ဈေးကွက်ပျောက် ဒေသဒူးရင်း

ထိုင်း၊ မလေးရှားနိုင်ငံထွက် ဒူးရင်းမျိုးများမှာ နည်းပညာဖြင့် အရည်အသွေးမြင့် ဖန်တီးနိုင်ခြင်းကြောင့် ကမ္ဘာပတ်နေကြပေပြီ။

မလေးရှား ဆူးမဲမျိုး ဒူးရင်းသီးဆိုပါက အရည်အသွေးကောင်းမွန်သဖြင့် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး စာရင်းဝင်လျက်ရှိသည်။

တနင်္သာရီတိုင်း၏ မြေဆီလွှာသည် ဒူးရင်းစိုက်ပျိုးဖြစ်ထွန်းသည်နှင့်အညီ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဒူးရင်းစိုက်ပျိုးလာခဲ့ကြသည့် ဒေသလည်းဖြစ်သည်။

သို့သော် ဒေသဒူးရင်းမျိုးများမှာ စျေးနည်းသလို စျေးကွက်မတည်ငြိမ်သဖြင့် တဖြည်းဖြည်း ဒေသတွင်း ဈေးကွက်တွင်ပင် နေရာပျောက်လာနေသည်။

ထိုင်းနှင့် မလေးရှားမျိုး ‌မွန်ထောင်း၊ ဆူးမဲသီး တစ်ကီလိုလျှင် ကျပ်တစ်သောင်းကျော် ဈေးပေါက်လျက် ရှိသည်။ ထိုဒူးရင်းသီးများမှာ သုံးကီလိုအထက်တွင် ရှိသည်ဖြစ်ရာ တစ်လုံးလျှင် အနိမ့်ဆုံး ကျပ်သုံးသောင်းမှ ငါးသောင်း၊ ခြောက်သောင်း ကီလိုပေါ်မူတည်ပြီး ဈေးပေါက်လျက်ရှိသည်။

ဒေသဒူးရင်းဈေးမှာမူ ထောင်ဂဏန်းထက် မပိုကြပေ။

“အခုနှစ် ဈေးတအားနိမ့်တယ်။ အလုံးကြီးတစ်လုံး‌လောက်မှ (ကျပ်) နှစ်ထောင်လောက်ပဲရတယ်” ဟု တနင်္သာရီမြို့နယ်မှ ဒေသဒူးရင်းခြံပိုင်ရှင် ကိုထက်က ညည်းတွားသည်။

လွန်ဆွဲနေသည့် ဒေသမျိုး

‌တိုင်းအတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ တနင်္သာရီ စသည့်ငါးမြို့နယ်ရှိ ဒူရင်း စိုက်ပျိုးသူ ခြံပိုင်ရှင်များကို ဆက်သွယ်မေးမြန်းချက်အရ ဒေသဒူးရင်းအား ပြန်လည်စိုက်ပျိုးသူမှာ မရှိသလောက်ပင်။

စိုက်ပျိုးသူအနည်းစုရှိသော်လည်း ရှေ့ရိုးနည်းအတိုင်း အစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြသည်သာ များသည်။ သို့သော်ထူးထူးခြားခြားဟုဆိုရမည့် ဒေသမျိုးအား ကိုင်းဆက်နည်းပညာဖြင့် စိုက်ပျိုးထားသူနှစ်ဦးတော့ ရှိနေသေးသည်။

တစ်ဦးမှာ စိုက်ပျိုးရေးပညာရှင်ဖြစ်သူ ဦးနေလင်းအောင်ဖြစ်သည်။ ၎င်းသည် ကလိန်အောင်ဒေသ ဒူးရင်းမျိုးစိတ် တစ်ခုအား ကိုင်းကူး၊ ကိုင်းဆက်နည်းဖြင့် စိုက်ပျိုးထားခြင်းဖြစ်သည်။ ၎င်းအား အောင်ဇမ္ဗူ ဟု ကင်ပွန်းတပ်ထားသည်။

“အပင်သက်တမ်းကတော့ လေးနှစ်ရှိပြီ။ အသီးလည်း စသီးနေပြီ” ဟု ဦးနေလင်းအောင်က ပြောသည်။

နောက်တစ်ဦးမှာ အမည်မဖော်လိုသည့် စိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၎င်းသည် ဒေသမျိုး ဒူးရင်း အပင် ၇၀၀ လောက်ကို စနစ်တကျ စိုက်ပျိုးထားသည်ဟုဆိုသည်။

ကိုင်းဆက်နည်းပညာဖြင့် မျိုးစပ်ပြီး ထိန်းသိမ်းစိုက်ပျိုးထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ယုံကြည်ရတဲ့ ဒေသမျိုးကို ကျွန်တော်နဲ့ (လုပ်ငန်းရှင်) တိုင်ပင်ပြီး စိုက်ထားတာရှိပါတယ်။ နောက်ထပ် ၂နှစ်၊ သုံးနှစ်လောက်နေရင် အဲဒီ ဒေသမျိုး ဈေးကွက်ထဲ ပြန်ရောက်လာမယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်တယ်” ဟု အဆိုပါလုပ်ငန်းရှင်အား ဝန်ဆောင်မှုပေးနေသည့် ကိုသားကြီးလေးက ပြောဆိုသည်။

‌တောင်ပိုင်းသားအများစုသည် ဒူးရင်းသီးဆိုပါက ခါးသက်သက်အရသာကို ပိုမိုခုံမင်စွာ စားသုံးလေ့ ရှိသည်။

ထိုအရသာမျိုးကို နိုင်ငံခြားမျိုးများက မပေးစွမ်းနိုင်ဘဲ ဒေသဒူးရင်းမျိုးကသာ ပေးစွမ်းနိုင်ကြောင်း ဒူးရင်းစိုက်ပျိုးဝန်ဆောင်မှုပေးသူ ကိုသားကြီးလေးက ပြောသည်။

“ဒေသထွက်အသီးတွေမှာ ချိုဆိမ့်၊ ချိုခါး၊ အဆိမ့်၊ အခါး၊ စတဲ့အရသာတွေရှိပြီး အဲဒီအရသာတွေကို နိုင်ငံခြားမျိုးအသီးတွေမှာ မရနိုင်ဘူး” ဟု ၎င်းကဆိုသည်။

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု

တိုင်းအတွင်း နိုင်ငံခြားကိုင်းကူးမျိုးစပ် ဒူးရင်းစိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စနစ်တကျသုတေသနပြုထားသည့်အချက်များ ရှာမတွေ့သေးပေ။

ပညာရှင်များကမူ ကိုင်းကူးမျိုးစပ်များသည် စီးပွားရေးအရ တွက်ခြေကိုက်ရန် စိုက်ပျိုးခြင်းဖြစ်ရာ အထွက်နှုန်း ကောင်းစေရန်အတွက် ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ပိုမိုသုံးစွဲလေ့ရှိသည်ဟု ဆိုသည်။

“ကိုင်းကူးကိုင်းဆက်တွေ စိုက်တဲ့အခါမှာ ဘယ်လိုပြောမလဲ မတရား ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ သုံးလာမယ်ဆိုရင်တော့ အဲဒါက ဆိုးကျိုးဖြစ်စေတဲ့ စိုက်ပျိုးရေးပဲ” ဟု မျိုးစေ့ပညာရှင်တစ်ဦးက သတိပေးသည်။

ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ရေရှည်အသုံးပြုပါက မြေဆီလွှာနှင့် ရေအရင်းအမြစ် ညစ်ညမ်းကာ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ပေသည်။

ဒေသဒူးရင်းပင်များမှာ ရာသီဥတုဒဏ်ခံနိုင်ခြင်းကြောင့် ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင် အပေါ် အပေါင်းလက္ခဏာဆောင်သည့် သက်ရောက်မှုရှိကြောင်း ထောက်ပြထားကြသည်။

“ကိုင်းဆက်မျိုးတွေကတော့ ဓာတ်မြေသြဇာသုံးမှ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး ဒါမျိုးတွေ သုံးစွဲမှပဲ အဆင်ပြေတယ်။ ရိုးရိုးသဘာဝ ဒေသမျိုးတွေကတော့လည်း အဲဒါတွေ မသုံးစွဲဘူး။ မသုံးစွဲတဲ့ အခါကျတော့ စရိတ်စကကတော့ သက်သာတယ်ပေါ့နော်။ ကိုင်းဆက်တွေကတော့ အဲဒီလို သုံးစွဲမှပဲ အသီး အရည်အသွေးကောင်းတာတို့ အဆင့်မီတာတို့ ဖြစ်မယ်” ဟု စိုက်ပျိုးရေးပညာရှင်လည်းဖြစ် ဒေသဒူရင်းမျိုး စိုက်ပျိုးသူလည်းဖြစ်သူ ဦးနေလင်းအောင်က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပူပြင်းသည့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံပြီး ယနေ့အချိန်အထိ ဆယ်စုနှစ်ပေါင်းများ စွာရှင်သန်နေသည့် ဒူးရင်းပင်များ တနင်္သာရီတိုင်းတွင် တွေ့နေရခြင်းက ထိုအပင်များသည် ဒေသရာသီဥတုနှင့် ကိုက်ညီသည်ကို သက်သေပြရာရောက်နေကြောင်း မျိုးစေ့ပညာရှင်က သုံးသပ်ပြောဆိုသည်။

“ဒေသရာသီဥတုနဲ့ ဆီလျော်တဲ့အပင်တွေက ခံနိုင်ရည်ပိုရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ဒေသရာသီဥတုနှင့် ပိုးမွှားတွေကို ရင်းနှီးကျွမ်းဝင်ပြီးသော ဒေသဒူးရင်းပင်များအတွက် ပိုးသတ်ဆေးနှင့် ဓာတုဗေဒဆေးများ အသုံးပြုရန် သိပ်မလိုခြင်းကြောင့် မြေဆီလွှာနှင့် ရေထုညစ်ညမ်းမှုကို လျှော့ချရာ ရောက်စေသည်။ ယင်းမှာ ဒေသဂေဟစနစ်ကို ‌ကာကွယ်ပေးရာရောက်‌သည်။

‌နိုင်ငံခြားကိုင်းကူးနည်းပညာဖြင့် လက်ရှိဒေသတွင်း စိုက်ပျိုးနေကြသည့် ဒူးရင်းမျိုးများမှာ အပင်စတင် စိုက်ပျိုးချိန်မှစပြီး အသီးခူးရောင်းသည့်အရွယ်အထိ ပိုးသတ်ဆေးအမျိုးမျိုး၊ ဓာတုဓာတ်မြေဩဇာ အမျိုးအမျိုးကို နှစ်တိုင်းသုံးစွဲနေကြရသည်။

လောင်းလုံးကျွန်းဆွယ်တွင်မူ နိုင်ငံခြားကိုင်းကူးမျိုး ဒူးရင်းပင်အတွက် ကုမ္ပဏီတို့က အသီးစားကြိုတင် ဝယ်ယူထားလေ့ရှိသည်။

တစ်နှစ်စာ စာချုပ်ချုပ်ဆို ဝယ်ယူကြပြီးလျှင် ထိုကုမ္ပဏီသည် ဒေသခံဒူးရင်းခြံပိုင်ရှင်ဆီသို့ ပိုးသတ်ဆေး အမျိုးမျိုးနှင့် ဓာတုဓာတ်မြေဩဇာများကို ပေးပို့ပြီး သုံးစွဲခိုင်းလေ့ရှိသည်။

သို့မှသာ ကုမ္ပဏီအတွက် လိုချင်သည့် အသီးအရွယ်အစားနှင့် အရေအတွက်ကိုရရှိမည်ဖြစ်ကြောင်း ဒေသခံဒူးရင်းခြံပိုင်ရှင်တို့က ဆိုသည်။

“ဒီအပင်တွေက (နိုင်ငံခြားကိုင်းကူးမျိုး) တွေက ဓာတ်မြေဩဇာတို့ ပိုးသတ်ဆေးတို့ကို သူ့အချိန်နဲ့သူ ထည့်ပေးနိုင်မှ အသီးထွက်တာ ကောင်းတာကိုး” ဟု ‌ခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

ယိုဘဝရာက် ဒေသဒူးရင်း

နိုင်ငံခြားကိုင်းကူးမျိုးနှင့် ဒေသမျိုးဒူးရင်းတို့တွင် ကိုယ်စီအားသာချက်၊ အားနည်းချက်များ ရှိသော်လည်း စျေးကွက်လိုအပ်ချက်အရ နိုင်ငံခြားကိုင်းကူးမျိုးများကို စိုက်ပျိုးသူပိုများလာနေသည်။

ယင်း၏ ဆိုးကျိုးသက်ရောက်မှုအနေဖြင့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ပိုမိုအသုံးပြုရသဖြင့် သဘာဝဂေဟစနစ် ထိခိုက်မှုများရှိသလို ဒေသမျိုးရင်းများ ပျောက်ကွယ်လာခြင်းတို့ဖြစ်သည်။

ဒေသဒူးရင်းမျိုး၏ သဘာဝအရသာကို ဒေသခံစားသုံးသူများ နှစ်သက်ကြသော်လည်း အရိုင်းအတိုင်း စိုက်ပျိုးနေပါက အရည်အသွေးမမှန်သဖြင့် စျေးကောင်းရနိုင်မှုမရှိသဖြင့် စိုက်သူနည်းလာမည် ဖြစ်သည်။

ဒေသမျိုးများကို ထိန်းသိမ်းပြီး ကိုင်းကူး၊ ကိုင်းဆက်နည်းဖြင့် စနစ်တကျစိုက်ပျိုးပါက နိုင်ငံခြားမျိုးများ နည်းတူ အရည်အသွေးကောင်းမွန်လာနိုင်ခြေလည်းရှိသည့်အပြင် ဇီဝမျိုးစုံ၊ မျိုးကွဲပျက်စီးမှုနည်းပါးပြီး သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုကို လျှော့ချနိုင်မည်ဟု ပညာရှင်အချို့က သုံးသပ်ပြသည်။

ဒေသမျိုးများကို စျေးကွက်ဝင်လာစေရန် စနစ်တကျ လုပ်ဆောင်ခြင်းမရှိပါက နှစ်ပေါင်းများစွာ
ပေါက်ရောက်ရှင်သန်ခဲ့သော ဒေသဒူးရင်းမျိုးများမှာ နိုင်ငံခြားကိုင်းကူးမျိုးများကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ယခုအတိုင်းဆက်သွားပါက ဒေသမျိုးများ ပျောက်ကွယ်သွားမည့် အခြေအနေ ဆိုက်ရောက်လာမည်ဖြစ်သည်။

လက်ရှိတွင်မူ ဒေသဒူးရင်းများမှာ မွန်ထောင်း၊ ဆူးမဲ ဒူးရင်းသီးများကဲ့သို့ လူကြိုက်မများ၊ ဈေးကောင်း မရတော့သဖြင့် ဒူးရင်းယိုထိုးပြီး ရောင်းချလာနေရသည်။

ဒူးရင်းယိုတစ်ပိဿာလျှင် ငွေကျပ်ငါးသောင်းရသည်ဟုဆိုသော်လည်း ယင်းဈေးနှုန်းမှာ ‌မွန်ထောင်းသီးတစ်လုံးစာသာ ရှိသည်။

ဒူးရင်းယို တစ်ပိဿာရရန်မှာ ဒူးရင်းသီးများစွာ လိုအပ်ပြီး လုပ်အားအပါအဝင် အခြားသွင်းအားစုလည်း လိုအပ်သေးသည်။

ယင်းအပြင် ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကလည်း ဒူးရင်းတောင်သူများကို တစ်ပူပေါ် နှစ်ပူဆင့်စေခဲ့သည်။

ယင်းကြောင့် ဒေသခံများမှာ ရွေးချယ်စရာ များများစားစားမရှိပေ။ ဒေသမျိုးအပင်များကို ဖက်တွယ် ထားပါက စျေးကောင်းမရသလို စျေးကွက်တင်ပို့ရေး အခက်အခဲများကြောင့် ဒူးရင်းယိုထိုးပြီး ရရာစျေးဖြင့် ရောင်းရန်သာရှိသည်။

ယင်းအခြေအနေများကို ရင်ဆိုင်ခံစားနေရသော ဘုတ်ပြင်းမြို့နယ်ရှိ ဒူးရင်းခြံပိုင်ရှင်တစ်ဦးကမူ အောက်ပါအတိုင်း ညည်းတွားပြောဆို‌သည်။

“တခြားဒေသကိုပို့ရင်လည်း ဘာမှမထူးဘူး။ လမ်းပန်းဆက်သွယ်ရေးအခြေအနေက စိတ်မချရဘူး။ ဒူးရင်းယို သေချာထိုးထားရင် တစ်နှစ် နှစ်နှစ်လောက်အထိ အထားခံတယ်လေ”

ယင်းကြောင့် လက်ရှိ အခြေအနေများအရ ဒေသဒူးရင်းမှာ ဆက်လက်ရှင်သန်နိုင်ရေး ရုန်းကန်နေရပြီး ပတ်ဝန်းကျင်အခြေအနေများက ဒေသဒူးရင်းများ ပျောက်ကွယ်သွားရန်သာ ဖန်တီးနေသကဲ့သို့ ဖြစ်နေပေသည်။