BREAKING
November 1, 2025

တနင်္သာရီ သိန်ခွန်းရွာတွင် လေးရက်ဆက် တိုက်ပွဲဖြစ်

September 2, 2025

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်း တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မောတောင်မြို့လမ်းရှိ သိန်ခွန်းရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ လေးရက်ဆက် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။

သိန်ခွန်းရွာ ရှေ့တန်းစခန်းသို့ စစ်အာဏာရှင်တပ်သားများ အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်းထပ်ထိုးလာသဖြင့် ဩဂုတ်လ ၂၉ ရက်မှစကာ စက်တင်ဘာလ ၁ ရက်အထိ တိုက်ပွဲဖြစ်ပွားကြောင်း အဆိုပါ နီးစပ်သူအချို့က ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းက တော်လှန်ရေးတပ်များရှိရာသို့ စစ်ကြောင်းထိုးလာသဖြင့် လေးရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဒရုန်းတွေမှာ ဗုံးသီးတွေက ၈၁ (လက်နက်ကြီးကျည်) တွေအထိ သုံးလာတယ်။ နေ့ကြည့် ညကြည့်တွေ သုံးလာတယ်။ စစ်ကောင်စီဘက်က ရှေ့တိုးလာလိုက် အထိနာရင် ပြန်ဆုတ်လိုက်ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

သိန်ခွန်းရွာ၏ အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ၏ အနောက်ဘက် ချောင်းနှစ်ပေါက်ရွာဘက်ခြမ်းကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရသည့် စစ်အာဏာရှင်တပ်သားများကို မြိတ်မြို့သို့ ပြန်လည်သယ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။

ဩဂုတ်လ၃၀ရက်တွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချစဥ် မပေါက်ကွဲသည့် ဗုံးသီးတစ်လုံး ကားလမ်းမအနီ းမြေကြီးအတွင်း စိုက်ဝင်နေသဖြင့် သွားရောက်တူးဖော်ရှင်းလင်းခဲ့ရကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများ၏ ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကမူ ထိခိုက်မှုမရှိကြောင်း အသေးစိတ်မသိရသေးကြောင်း အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။

သိန်ခွန်းရွာဝန်းကျင်တွင် လကုန်ရက်နှင့် လဆန်းပိုင်းကာလများတွင် တိုက်ပွဲဖြစ်ပွားမှုများပြီး

လက်နက်ကြီး ပေါက်ကွဲသံများ ခပ်စိပ်စိပ်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီအချိန် (လဆန်းနှင့် လကုန်ခါနီး) တွေဆို ညဘက်တွေပါ ပေါက်ကွဲသံတွေကြားရတယ်။ နေ့ဘက်ဆိုရင် လက်နက်ကြီးသံတွေ ပိုကြားရတယ်။ ခါလေခါ(တစ်ခါတစ်ရံ) ဆက်တိုက်ကြားရတယ်”ဟု ၎င်းက ပြောဆိုသည်။

တော်လှန်ရေးတပ်များ စိုးမိုးထားသည့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်လည်စိုးမိုးရန် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသည်မှာ ရှစ်လကျော်လာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာအနီးတွင်ပင် ရပ်တန့်နေဆဲဖြစ်သည်။