BREAKING
October 19, 2025

ရေဖြူ ဖားချောင်းအုပ်စုမှ စစ်ဘေးရှောင် ၅၀၀ ခန့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်

September 2, 2025

ပုံစာ - ဖားချောင်းအုပ်စု မှ စစ်ဘေးရှောင်များ။ ဓာတ်ပုံ - CJ

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုတွင် တိုက်ပွဲများကြောင့် သြဂုတ်လ နောက်ဆုံး အပတ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း တိမ်းရှောင်နေသည့် ဒေသခံများထံမှသိရသည်။

ဖားချောင်းကျေးရွာအုပ်စုမှ ဆယ်အိမ်စု၊ တောင်ရင်းအင်း၊ ဖားချောင်း ကျေးရွာသုံးရွာမှ လူဦးရေ ငါးရာခန့်သည် နီးစပ်ရာ ဘေးကင်းသည့် ကျေးရွာများတွင် ရှောင်တိမ်းနေရကြောင်း ၎င်းတို့ကဆိုသည်။

“အဓိက ဆန်၊ဆီ၊ဆေး၊ဆား လိုအပ်နေတယ်။ ဒေသခံတွေက နေစရာကိစ္စမရှိဘူး။ နီးစပ်ရာ ဆွေမျိုးသားချင်းတွေ အိမ်တွေမှာ နေလို့ရတယ်။ အထက်ဘက်ကနေ ဒီမှာ လာလုပ်စားတဲ့ ဒေသခံမဟုတ်တဲ့သူတွေကတော့ နေစရာ နည်းနည်းခက်ခဲတယ်။ တိုက်ပွဲ ဖြစ်တော့လည်း သူတို့ပါ ရောပြေးနေရတာပေါ့” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အမျိုးသားတစ်ဦး ကပြောပြသည်။

သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ကံပေါက် ဦးပိုင် ဆီအုန်းခြံနှင့် ဆယ်အိမ်စုရွာအနီးတို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများရှိခဲ့သည်။

ယင်းတိုက်ပွဲများတွင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး အထိနာသလို တော်လှန်ရေးတပ်ဘက်ကလည်း တစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုများမရှိတော့သော်လည်း စစ်အာဏာရှင်တပ်က ဖားချောင်းအုပ်စုအတွင်းရှိ ရော်ဘာခြံတစ်ခုတွင် နေရာယူထားသဖြင့် အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်နိုင်သောကြောင့် ယနေ့ စက်တင်ဘာလ ၂ ရက်အထိ အထက်ပါရွာသုံးရွာစလုံး နေရပ်မပြန်ကြသေးကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဖားချောင်းကျေးရွာအုပ်စုကို တိုက်ပွဲမဖြစ်မီကတည်းက ဆက်သွယ်ရေးဖြတ်တောက်ရန် ကျေးရွာချင်းဆက်လမ်းမအား စစ်အာဏာရှင်တပ်က မြေတူးစက်ဖြင့် ရေမြောင်းတူးကာ ဖြတ်တောက်ထားသဖြင့် ထွက်ပြေးတိမ်းရှောင်ရစဥ် စားနပ်ရိက္ခာ သယ်ယူရေးလည်း အခက်ကြုံရကြောင်း ဒေသခံတို့က ဆိုသည်။

ရေဖြူမြို့နယ်အတွင်းရှိ ရေး-ထားဝယ်ကားလမ်းပိုင်း ကလိန်အောင်နှင့် မလွှဲတောင်ကြားရှိ ကျေးရွာဆယ်ရွာထက်မနည်းလည်း ပြီးခဲ့သည့် သြဂုတ်လအတွင်း၌ပင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ယင်းဒေသရှိ စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ ဇူလိုင်လ အစီရင်ခံစာအရ ရေဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၇၀၀၀ ခန့်ရှိသည်ဟု သိရပြီး သြဂုတ်လအတွင်း မြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်လာသဖြင့် စစ်ဘေးရှောင် ပမာဏ ပို၍တိုးလာနေသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။