BREAKING
October 19, 2025

စစ်အင်အားတိုးချဲ့ဖို့ ပြန်ပေးဆွဲနေတဲ့ စစ်ကောင်စီ

August 2, 2025

ဓာတ်ပုံ - သရုပ်ဖော်ပုံ

စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကြာလာချိန်တွင် ဆိုးဆိုးရွားရွားဖြစ်လာသည်က စစ်ကောင်စီတပ် စစ်အင်အားချဲ့ရန် အဓမ္မနည်းမျိုးစုံသုံးလာခြင်းဖြစ်သည်။

လတ်တလောတွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့ပေါ်ဒေသများတွင် လူငယ်လူရွယ်များ နေအိမ်တွင် မနေရဲသလို ညပိုင်းအပြင်မထွက် ရဲကြသည်အထိဖြစ်နေသည်။

စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းစေရန်အတွက် ပြန်ပေးဆွဲသလို လုပ်ဆောင်နေခြင်းဖြစ်ပြီး ညဘက်ဧည့်စာရင်း အကြောင်းပြကာ ဝင်ဆွဲသည်မျိုးရှိသလို လမ်းမပေါ်နှင့် စစ်ဆေးရေးဂိတ်များတွင်လည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခေါ်ဆောင် သွားခြင်းမျိုး လုပ်လာသည်။

ဖမ်းဆီးခံရသူ အများစုမှာ စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံလိုက်ရပြီး အလိုက်ကောင်းသူ အချို့သာ ပြန်လွတ်လာကြောင်း သိရှိရသည်။

စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသက်သွင်းပြီး စစ်မှုမထမ်းမနေရ စနစ်ကို ဥပဒေနှင့်အညီ လုပ်ဆောင်မည်ဆိုကာ ဥပဒေ၊နည်းဥပဒေများ ပြဌာန်းခဲ့သည်။

သို့သော်လက်တွေ့တွင်မူ ၎င်းတို့ပြဌာန်းထားသော ဥပဒေနှင့်အညီ လပိုင်းခန့်သာ လုပ်ပြခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဂိုဏ်းများကဲ့သို့ အဓမ္မဖမ်းဆီးမှုများသာ လုပ်ဆောင်လာနေသည်။

ယင်းကြောင့် ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် လူငယ်၊လူရွယ်များ မနေရဲကြတော့သဖြင့် နေရပ်စွန့်ခွာသွားကြသည်များ ရှိသလို အကြောင်းအမျိုးမျိုးဖြင့် နေသူများမှာလည်း စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ထားဝယ်နှင့် မြိတ်ဒေသမှ လူငယ်များကို မေးမြန်းကာ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ကိုယ့်အိမ်မှာကိုယ်နေခွင့်ရတာက အခြေခံအကျဆုံး လူ့အခွင့်အရေးပဲလေ၊ အခုက အဲဒီလိုတောင်နေခွင့် မရနေကြဘူး”

စစ်မှုထမ်း အသက်အကျုံးဝင်နေသည့် ကျောင်းသားတစ်ဦး

(ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်)

DW ။ စစ်မှုထမ်း စုဆောင်းမှု အခြေအနေ ထားဝယ်မှာ ပိုဆိုးလာနေလား။

ဖြေ ။ အခုနှစ်ကတော့ မနှစ်ကထက်စာရင် ပိုဆိုးလာတယ်။ တစ်နှစ်ထက် တစ်နှစ်ကတော့ ဆိုးလာနေတယ်။ ၂၀၂၂ မှာတွေးလိုက်ရင် ၂ဝ၂၁ ကတော်သေးသလို၊ ၂၀၂၃ မှာတွေးလိုက်ရင် ၂၀၂၂ ကတော်သေးသလို ဖြစ်နေတယ်။

DW ။ စစ်မှုထမ်း စုဆောင်းတဲ့ အခြေအနေက အခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် ထပ်ဖြစ်လာရင် ဘာလုပ်မယ် စဥ်းစားထားလဲ။

ဖြေ ။ မရမက ဖြစ်လာပြီဆိုရင်တော့ ကျွန်တော့်အနေနဲ့ ထိုင်းကို အောက်လမ်း(ခိုးဝင်သည့်လမ်း)ကနေ သွားလိုက်တာ အဆင်ပြေမယ်လို့ စဥ်းစားထားတယ်။ တကယ်လို့ ရသေးရင်လည်း ရန်ကုန်လောက်ပဲ ဖြစ်ဖြစ် သွားရှောင်မယ်။ အခုက ရန်ကုန်မှာလည်း သိပ်အဆင်မပြေဘူးလို့ ကြားရတယ်။ ပေါ်တာဆွဲတွေ အရမ်းများလာရင်တော့ အဆိုးဆုံးအခြေအနေလို့ပဲ ပြောရမှာပေါ့။ ထိုင်းကို ထွက်လိုက်ပြီးရင် အလုပ်ရှိဖို့တော့လိုတာပေါ့။

DW ။ အခုလက်ရှိ က ဘာလုပ်နေလဲ။ အသွားအလာတွေရော အဆင်ပြေရဲ့လား။

ဖြေ ။ ကျောင်းတက် နေပါတယ်။ အသွားအလာကတော့ရှိပါတယ်။ မြို့ပြင်ကတော့ မထွက်ကြတော့ဘူးပေါ့။ ကားနဲ့ အုပ်စုနဲ့ သွားတာမျိုးမှ သွားဖြစ်တော့တယ်။ အရင်တုန်းကလို ဆိုင်ကယ်နဲ့ ဖြစ်ဖြစ်၊ စက်ဘီးနဲ့ ဖြစ်ဖြစ် မသွားရဲကြတော့ဘူး။ အုပ်ထိန်းသူ လူကြီးတစ်ယောက်ယောက်ပါမှ သွားရဲတဲ့ အခြေအနေဖြစ်နေတယ်။ အိမ်ကလည်း ကျောင်းကိုတောင် တစ်ယောက်တည်း မလွှတ်ဘူး။ အဖေကလိုက်ပို့တယ်။ အဲဒီလိုလိုက်ပို့ပြန်တော့လည်း ထားဝယ်မှာ ယောက်ျားနှစ်ယောက် ဆိုင်ကယ် အရှေ့အနောက်မစီးရဘူးဆိုတော့ ပင်ပန်းတယ်။ အဖေက တက္ကစီ ယူနီဖောင်းပဲ သွားလုပ်ထားလိုက်တယ်။( ထားဝယ်တွင် ဆိုင်ကယ် တက္ကစီ အသင်း ရပ်ကွက်အလိုက်ယူနီဖောင်း ထုတ်၍ စာရင်းပေးထားသူများသာ ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ဦး စီးခွင့်ရှိသည်) အဲဒီ တက္ကစီအင်္ကျီဝတ်ပြီး ကျောင်းအကြိုအပို့လုပ်ပေးတယ်။

DW ။ စစ်မှုထမ်း စုဆောင်းမှုတွေက မြို့ပေါ်မှာ နေ့ဘက်ရော၊ ညဘက်ရောရှိလာတဲ့အတွက် မိဘတွေကရော စိတ်ပူနေတာရှိလား။

ဖြေ ။ အခုဆို ကျွန်တော်ဆိုရင် အသက် ၁၈ နှစ်၊၁၉ နှစ် ပြည့်ပြီးပြီဆိုတော့ ဆိုင်ကယ်မောင်းလိုင်စင်လည်း ရပြီးပြီ၊ ဒါပေမဲ့ ဆိုင်ကယ်လိုင်စင် မရှိခင်တုန်းကပဲ အပြင်ထွက်ရတာက များသေးတယ်။ ဆိုင်ကယ်လိုင်စင် ရပြီးနောက်မှာ အပြင်မထွက်ရတော့ဘူး။ အိမ်ကလည်း အပြင်မထွက်ခိုင်းတော့ဘူး။ အရွယ်ရောက်ပြီးမှ ကလေး ပြန်ဖြစ်သွားသလိုပဲ ဖြစ်နေတယ်။ ခုနက ဆိုရင် အမေ့ဆီက ဖုန်းလာတယ်။ ကျွန်တော် မနက်က အပြင်ထွက်ထားတော့ အိမ်ပြန်ရောက်နေပြီလားလို့ သူ့အလုပ်ကနေ ဖုန်းဆက်မေးတယ်။ စက်ဘီးနဲ့တောင် စိတ်မချလို့ ဘယ်မှမသွားခိုင်တော့ဘူး။ မြို့ထဲမှာတောင်မှ အရင်ကလို စိတ်မချတော့ဘူး။

DW ။ စစ်မှုထမ်း အတင်းအကျပ် စုဆောင်းမှုကြောင့် ရပ်ကွက်ထဲမှာ၊ သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာ ရော အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ ကျွန်တော်တို့လမ်းထဲမှာဆို ကျွန်တော်ရယ် အခြားတစ်ယောက်ရယ်ပဲ အရွယ်ရှိတဲ့ လူငယ်နှစ်ယောက်လောက်ပဲ ကျန်တယ်။ အရွယ်ရောက်ပြီးတဲ့ ယောကျ်ားတွေတောင်မရှိတော့ဘူး။ ကလေးတွေပဲရှိတော့တယ်။ အသက် ၂၀၊ ၃၀ အရွယ်ဆို မရှိတော့ဘူး။ အသက် ၄၀၊ ၅၀ ဝန်းကျင် တွေပဲ ကျန်တယ်။

DW ။ အခုလို အခင်းအကျင်းကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ကျွန်တော်တို့ရွယ်တူ လူငယ်တွေအနေနဲ့ကတော့ ရိုးနေပြီ၊ အရေထူနေပြီလို့တောင်ပြောရမယ်။ အခုဖြစ်နေတာကြီးက ပုံမှန်လိုမျိုးဖြစ်နေတယ်။ နောက်ပိုင်းက အဲဒီလို ခံစားရတယ်။ သူများနိုင်ငံ တွေနဲ့ နှိုင်းပြီးပြောရင် ကိုယ့်အိမ်မှာကိုယ်နေခွင့်ရတာက အခြေခံအကျဆုံး လူ့အခွင့်အရေးပဲလေ၊ အခုက အဲဒီလိုတောင်နေခွင့် မရနေကြဘူး။

DW ။ လူငယ်တစ်ယောက်အနေနဲ့ စစ်မှုထမ်းစုဆောင်းနေတာအပေါ် ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ ။ ပေါ်တာဆွဲနေတာကြီးက အဆင်မပြေဘူး ထင်တယ်။ စာ(စစ်မှုထမ်း ဆင့်ခေါ်စာ)တွေ ဘာတွေ လာပေးတာက တော်သေးတယ်။ ဧည့်စာရင်းတွေက နောက်ပိုင်းမှာ အစစ်အဆေးပိုကြမ်းလာတယ်။ အရင်နဲ့မတူတော့ဘူး။ ဟိုတစ်ခါက လာစစ်တုန်းကဆို ည၁၁ နာရီကြီးရောက်လာပြီး အိမ်တံခါးကို ဆွဲလိုကဆွဲ အဲဒီလိုတွေလုပ်တယ်။ အခုပဲ အိမ်ထဲ ပြေးဝင်စီးတော့မလိုတွေလုပ်လာတယ်။ အရင်ကဆို အေးအေးဆေးဆေး စစ်တယ်။ အဲဒီလိုတွေလုပ်လာတော့ စိုးရိမ်လာရတာပေါ့။ ဖြစ်စေချင်တာကတော့ အသွားအလာလေးလောက်တော့ အဆင်ပြေစေချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။ ဂရုစိုက်ပါ။

“စိတ်ဖြောင့်ဖြောင့်နေရတာမဟုတ်ဘူး၊ အလုပ်လည်း စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်ဘူးပေါ့ “

ထားဝယ်မြို့ပေါ်တွင် အလုပ်လုပ်နေသည့် အသက် ၂၆ နှစ်အရွယ် လောင်းလုံးဒေသခံလူငယ်တစ်ဦး

DW ။ အခုတလော ထားဝယ်မြို့ပေါ်နဲ့ မြို့အဝင်အထွက်နေရာတွေမှာ လူငယ်တွေ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာတွေများလာနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုကြားမိသေးလဲ။

ဖြေ ။ အစကဆို ပေါ်တာဆွဲတဲ့ပုံစံမဟုတ်ဘဲ စစ်မှုထမ်းခေါ်တဲ့ပုံစံမျိုးလုပ်တာ၊ အရင်ကဆို အိမ်မှာ စာရွက်(စစ်မှုထမ်းဆင့်ခေါ်စာ) လာပေးတယ်၊ သူတို့သတ်မှတ်ထားတဲ့ အသက်အရွယ်ရှိတဲ့လူ၊ ကျန်းလည်းကျန်းမာနေတဲ့လူဆိုရင် စာရွက်အရင်ပေးပြီးမှ လူလာဆွဲတာ၊ အခုက လူကိုအရင်ဆွဲပြီးမှ စစ်မှုထမ်းဖို့စာရွက် အိမ်ကိုသွားပေးတာ။

DW ။ စစ်တပ်က အခုလို ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းခိုင်းတာတွေရှိနေတော့ ဘယ်လိုစိုးရိမ်တာတွေ ရှိလဲ။

ဖြေ ။ ဘယ်ကိုဖြစ်ဖြစ် သွားလာလို့ မရဲတော့ဘူး၊ နေရာတစ်ခုခုသွားမယ်ဆို ဒီကောင်တွေ(စစ်တပ်)နဲ့ တွေ့မလားဆိုတာ စိုးရိမ်နေတော့တာ၊ ညဘက်အလုပ်ပြန်ချိန်တောင် ကြောက်နေရတယ်၊ အရင်ကဆို တွေ့လည်း စစ်ဆေးရုံပဲ၊ အခုက ပေါ်တာဆွဲနေတာဆိုတော့ တွေ့တဲ့နေရာမှာ မပြောမဆိုနဲ့ ခေါ်သွားမလားဆိုတာမျိုးလည်း စိုးရိမ်စိတ်ရှိတာပဲ။

DW ။ လောင်းလုံးဘက်ဆင်းရင် ဖြတ်ရတဲ့ ကမြောကင်းတံတားမှာလည်း လူငယ်တွေကို ဖမ်းဆီးတာတွေရှိနေတော့ အိမ်ကိုရော ပြန်ဖြစ်သေးရဲ့လား။

ဖြေ ။ ကမြောကင်းတံတားကိုဆိုရင် ဖြတ်လို့တောင်မရဲတော့တဲ့ အခြေအနေဖြစ်နေတယ် အခုက၊ မသွားရဲတော့ဘူး၊ ဒါတောင် ကျနော်တို့က အမြဲဖြတ်သွားဖြတ်လာလုပ်နေတဲ့လူတွေ၊ အခုတော့ သွားဖို့ကို တော်တော်စဥ်းစားနေရတယ်၊ (တံတားဖြတ်ရင်) ထောက်ခံစာတွေယူရမယ်၊ စမတ်ကတ်တွေ၊ မှတ်ပုံတင်တွေ ပါအောင်ယူသွားရတယ်၊ အဓိကကတော့ အထောက်အထားတခုခုလိုတယ်၊ ကိုယ်က ဘယ်မှာ အလုပ်လုပ်နေတယ်ဆိုတဲ့ ဝန်ထမ်းကဒ်လိုမျိုး ဆွဲသွားမယ်ဆို ပိုအဆင်ပြေတယ်။

DW ။ အချိန်မရွေး ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခံရနိုင်တဲ့အခြေအနေရှိပေမယ့် ဘာလို့ ထားဝယ်မှာ နေနေသေးလဲ။

ဖြေ ။ အလုပ်ကလည်းရှိနေတာ၊ ပစ်ထားခဲ့လို့လည်းမရဘူး၊ ပစ်ထားခဲ့မယ်ဆိုလည်း အစကနေအဆုံး အကုန်ပြန်လုပ်နေရမှာ၊ အဲဒီတော့ မှေးပြီးနေနေတာ၊ သူများနိုင်ငံသွားမယ်ဆိုလည်း သူများနိုင်ငံမှာ အခြေအနေတွေကလည်း မလွယ်ဘူး၊ ဒီမှာ နေနေတယ်ဆိုပေမယ့် စိတ်ပူပန်ပြီးနေရတာပေါ့၊ စိတ်ဖြောင့်ဖြောင့်နေရတာမဟုတ်ဘူး၊ အလုပ်လည်း စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်ဘူးပေါ့၊

DW ။ လက်ရှိ ထားဝယ်မှာ အလုပ်လာလုပ်နေတဲ့ လူငယ်တွေအနေနဲ့ ပေါ်တာမဆွဲခံရအောင် ဘယ်လိုနေထိုင်သင့်လဲ။

ဖြေ ။ ဧည့်စာရင်းသေချာတိုင်ဖို့လိုတယ်၊ ည ၉ နာရီကျော်လောက်ဆို အပြင်မထွက်တော့ဘဲနေရမယ်၊ အဲလိုချိန်တွေထွက်မိလို့ သူတို့ဆွဲသွားရင် ကိုယ့်ဘက်က ဘာမှပြောလို့ရမှာမဟုတ်တော့ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

” အိမ်မှာနေလည်း မလုံခြုံ၊ လမ်းထွက်လည်း မလုံခြုံတဲ့ အနေအထားတွေ ဖြစ်နေတာပေါ့ဗျာ။ “

အသက် ၂၆ နှစ်အရွယ် မြိတ်မြို့ခံ အမျိုးသား၊ မြိတ်တောင်ရပ်ကွက်။

DW ။ အခုလပိုင်းတွေမှာ မြို့ထဲ စစ်မှုထမ်းစုဆောင်းတာနဲ့ ပတ်သက်လို့ ဘာတွေသိထားရလဲ။

ဖြေ ။ အခုလပိုင်းတွေမှာ မြို့ထဲမှာ စစ်မှုထမ်းစုဆောင်းနေတာတွေက အရင်ကဆိုရင် အလှည့်ကျ မဲနှိုက်တာတွေလုပ်တယ်။ အခုဆိုရင်တော့ စစ်မှုထမ်းကြေးတွေကောက်ပြီးတော့ လူစားထိုးပြီး စစ်မှုထမ်းထည့်တာတွေရှိတယ်။ အခုဒီရက်ပိုင်းတစ်ပတ်အတွင်းမှာတော့ အိမ်တွေမှာ လိုက်ပြီးတော့ဖမ်းမယ်ဆိုတာမျိုးလည်း ကြားတယ်။ စစ်မှုထမ်း မငှားတော့ဘဲနဲ့ လိုက်ဖမ်းမယ်ဆိုတာမျိုးတွေ ကြားရတယ်။

DW ။ ကိုယ့်အနီးဝန်းကျင်မှာ စစ်မှုထမ်းစုဆောင်းခံရတယ်ဆိုတာမျိုး ကြုံရ၊ သိရတာတွေရှိလား။ ဘယ်လိုမျိုးဖြစ်စဥ်တွေကြားရသလဲ။

ဖြေ ။ အနီးနားပတ်ဝန်းကျင်မှာ စစ်မှုထမ်းဖမ်းခံထိတာတွေက ကြားရတယ်ပဲ။ ပြီးခဲ့တဲ့တစ်ပတ်ကဆိုရင် တလိုင်းစုဘက်၊ နောက်လယ်တံတားဦးဘက်၊ မြို့သစ်ဘက်၊ စက်ဝန်းတို့ဖက်တွေမှာ တောက်လျှောက် ဆိုင်ကယ်နှစ်ယောက်စီးတာတို့၊ မသင်္ကာတာတို့ဆိုရင် ဖမ်းသွားတာတွေရှိတယ်။ အဲ့လိုဖမ်းသွားရင် ချက်ချင်းထုတ်ရတာတွေရှိသလို ထုတ်လို့မနိုင်တဲ့သူတွေဆို စစ်မှုထမ်းတစ်ခါတည်း ခေါ်သွားတာတွေရှိတယ်လို့ ကြားရတာတွေရှိတယ်။

DW ။ အရင်နဲ့ အခုလပိုင်းတွေမှာ စစ်မှုထမ်းစုဆောင်းတဲ့ အခြေအနေတွေ ဘယ်လို ကွာသွားတာမျိုးတွေရှိလဲ။

ဖြေ ။ စစ်မှုထမ်းစုဆောင်းနေတဲ့ဟာက ခုနကပြောသလိုပေါ့။ အရင်ကဆိုရင် မဲနှိုက်တဲ့ပုံစံမျိုးသွားတာလေ။ အခုကျတော့ လမ်းမှာ ကြုံရင်ကြုံသလိုမျိုးဖမ်းပြီးတော့ စစ်မှုထမ်းထဲ ထည့်တယ်။ ပိုက်ဆံတောင်းတယ်။ မပေးနိုင်ရင် စစ်မှုထမ်းထဲထည့်တယ်။ ပြီးတော့ အိမ်တွေမှာလိုက်ဖမ်းနေတာတွေလည်း ကြားနေရတယ်။

DW ။ အခုလိုမျိုး အခြေအနေတွေကြောင့် ဘယ်လိုတွေသတိထားပြီး နေနေရသလဲ။ ဘယ်လိုစိုးရိမ်ချက်တွေရှိနေလဲ။

ဖြေ ။ အခုကျွန်တော်တို့ဆိုရင် ည ၇ နာရီ၊၈ နာရီနောက်ပိုင်းတွေဆိုရင် အပြင်ကိုမထွက်ရဲလောက်အောင်ကိုပဲ ဖြစ်နေတယ်ပေါ့။ လူစည်ကားတဲ့ နေရာတွေဆိုလည်း လူမစည်တော့ဘူး။ ကမ်းနားမှာတောင် ည ၈ နာရီနောက်ပိုင်းဆို မစည်တော့ဘူး။ ပြီးတော့ မြို့သစ်တို့၊ နောက်လယ်တို့၊ တလိုင်းစုတို့ဖက်တွေဆို ည ၇ နာရီနောက်ပိုင်းဆို လူတွေသိပ်ပြီးတော့ အပြင် မထွက်ကြတော့ဘူးဗျ။

DW ။ ကိုယ်တိုင်ရော ဘာတွေကြုံနေရလဲ။ ဘယ်လောက်အထိ ဆိုးရွားနေလဲ။ ကိုယ်တိုင်စိုးရိမ်ချက်တွေက ဘယ်လိုရှိလဲ။

ဖြေ ။ အခုလိုအခြေအနေတွေကြောင့် အပြင်မထွက်ဘူးဆိုရင်တောင် အိမ်မှာ လိုက်ဖမ်းမယ်။ ပေါ်တာလိုက်ခေါ်မယ်ဆိုတာတွေရော ကြားနေရတော့ နေရထိုင်ရ ပင်ပန်းတာပေါ့ဗျ။ အပြင်မထွက်ရင်တောင် မလွတ်တဲ့ အခြေအနေမျိုးဖြစ်နေတာပေါ့ဗျာ။ အခုကျွန်တော် ဖြစ်နေတဲ့ အခြေအနေက ညဆိုရင် အပြင်လုံးဝမထွက်ရဲဘူးဗျာ။ ၇ နာရီနောက်ပိုင်းဆိုရင် အိမ်မှာပဲနေတယ်။ နောက်ပြီးတော့ ခုနကပြောသလို အိမ်တွေမှာပါ စစ်မှုထမ်းပေါ်တာ လိုက်ခေါ်မယ်ဆိုတဲ့ အသံတွေလည်းကြားနေတော့ ကိုယ့်အိမ်မှာနေရတာတောင် မလုံခြုံဘူးဆိုတာမျိုးတွေ ခံစားရတယ်။ ညဘက်တွေဆို ဟိုသံကြား ဒီသံကြားရင် လိုက်ချောင်းလိုက်၊ ထချောင်းလိုက် အဲ့လိုမျိုးပဲ နေနေရတာ။ အိမ်မှာနေလည်း မလုံခြုံ၊ လမ်းထွက်လည်း မလုံခြုံတဲ့ အနေအထားတွေ ဖြစ်နေတာပေါ့ဗျာ။

” အေးအေးဆေးဆေးပဲ နေပါရစေ ဆိုပြီး အလံဖြူထောင်ပြီးနေတာတောင် နေမရဘူး”

အသေးစားသစ်သားလက်မှု လုပ်ငန်းလုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် ထားဝယ်မြို့ခံလူငယ်တစ်ဦး

DW ။ ထားဝယ် မှာ စစ်မှုထမ်း စုဆောင်းဖို့ ခပ်စိပ်စိပ် လုပ်ဆောင်လာတာနဲ့ ပတ်သက်ပြီး ဘယ်လိုစိုးရိမ်မှုရှိလဲ။

ဖြေ ။ ကျောတော့နည်းနည်းချမ်းတာပေါ့။ ကျွန်တော်တို့ကျတော့လည်း လူတစ်မျိုးဗျ။ အဲဆို ကျွန်တော်တို့ကျတော့ ဖြေဆည်လို့ နိုင်တယ်ဆိုရုံမျှရှိတဲ့ အတန်းအစားထဲမှာလည်း ပါလိမ့်မယ်။ ဘယ်လိုပြောရမလဲ နောက်ဆုံးအဆင့်အထိဖြစ်နေတာပေါ့ဗျာ။ လုပ်ရင်လည်းခံရုံပဲရှိတာပေါ့။ အဲဒီလိုပုံစံပေါ့။

DW ။ ဒီလို အခြေအနေက ကိုယ့်နဲ့နီးကပ်လာတာတောင် ရုန်းထွက်ဖို့မတွေးတာက ဘာကြောင့်လဲ။

ဖြေ ။ မိသားစုကြောင့်လည်းပါတယ်။ မိသားစု ကတော့ပထမဆုံးပေါ့။ ဒုတိယတွေ၊ တတိယတွေကတော့ ကိုယ်ဖောက်ထားတဲ့လမ်း၊အခုချိန်မှာတော့ လူငယ်အနေနဲ့ အခုလိုခေတ်ဆိုးကြီးထဲမှာမှ လုပ်ငန်းတစ်ခုကို စထားမိတဲ့လူဆိုတော့ ကိုယ့်ဝါသနာတွေနဲ့လုပ်ထားရတဲ့ အရာတွေအတွက်လည်း နှမျောတယ်လေ။ ပြီးတော့ ကိုယ်လေ့လာထားတာက ကိုယ့်လုပ်ငန်းလုပ်ဖို့အတွက် အချိန်ပေးလေ့လာထားတာလေ။ အဲဒီလိုဆိုတော့ ဒါတွေဆက်မလုပ်ဘဲနဲ့ အရင်ကအချိန်ပေးလာခဲ့တာတွေကို အဆုံးခံပြီး နိုင်ငံခြား မှာ သူများလက်အောက်မှာ သွားမလုပ်ချင်တော့လို့လည်းပါတယ်။

DW ။ ပတ်ဝန်းကျင်မှာရော စစ်မှုထမ်း ပေါ်တာ ဂယက်ကြောင့် ဘာတွေဖြစ်နေလဲ။

ဖြေ ။ ကျောင်းသားတွေ၊ ကျောင်းနေအရွယ်တွေကတော့ ကျောင်းပြန်အပ်၊ ကျောင်းပြန်တက်ဖို့လုပ်နေကြတယ် လို့တော့ကြားနေရတယ်။ တချို့ကလည်း အဆင်ပြေတဲ့လူတွေကတော့ ပြေးကြလွှားကြတာပေါ့။ အဲဒီနည်းလမ်းပဲရှိတာကိုး။ အခြားလမ်းလည်းမရှိဘူး။ မြို့ထဲမှာတော့သွားနေလာနေကြတာပါပဲ။ အခုက အရင်တုန်းကလို စာ(စစ်မှုထမ်း ဆင့်ခေါ်စာ)တောင် လာမပေးတော့ဘူးလေ။ ရှောင်တခင် လာဆွဲနေပုံစံမျိုးဖြစ်နေတယ်။ ရင်ဘတ်ထဲမှာတော့ ဆုတောင်းရုံပဲရှိတာပေါ့။ အေးအေးဆေးဆေးပဲ နေပါရစေ ဆိုပြီး အလံဖြူထောင်ပြီးနေတာတောင် နေမရဘူး။

DW ။ စစ်မှုထမ်းဖို့ အဓမ္မလုပ်ဆောင်နေတဲ့အပေါ်မှာ လူငယ်တွေ အခက်အခဲ ကြုံနေရတာကို ဘယ်လိုတောင်းဆိုချင်လဲ။

ဖြေ ။ တောင်းဆိုချင်တာကတော့ လူငယ်တွေအတွက်ကတော့ ဒီစစ်မှုထမ်းဥပဒေ၊ အဓိက လူငယ်တွေက ဒီဥပဒေကြောင့် အနေကျပ်နေတယ်။ ခက်ခဲနေတဲ့ ပုံစံမျိုးရှိတယ်။ အဲဒါကို လျှော့ချပစ်လိုက်ရင်တော့ စီးပွားရေး အကျပ်အတည်းဆိုတာထက် အနေအစားတော့ နည်းနည်းချောင်သွားမယ်ထင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။