လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာတွင် ဇူလိုင်လ ၂၉ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနတပ်ခွဲ ၆ ၊ ဝေဟင်တပ်ဖွဲ့က ရဲဘော်တစ်ဦး ဦးခေါင်းကျည်ထိမှန်၍ သေဆုံးကြောင်း ယင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ရဲဘော်သည် စစ်မှုထမ်းသင်တန်းဆင်းဖြစ်ပြီး ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၇၃ တပ်ရင်းတွင် တာဝန်ကျစဉ် ထွက်ပြေးကာ ဝေဟင်တပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာသည့် အသက် ၂၀ အရွယ် ရဲဘော်ဆပ်ပြာဖြစ်ကြောင်း ဝေဟင်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ဝင်ဆွဲပေးတာ။ အရပ်သားတွေကတော့ လွတ်သွားတယ်။ သူကတော့ ခေါင်းကို ကျည်ထိသွားတယ်” ဟု ၎င်းက ပြောသည်။
ရဲဘော်ဆပ်ပြာသည် ဝေဟင်တပ်ဖွဲ့ သို့ ကံပေါက်ရေကန်တောင်တိုက်ပွဲ မဖြစ်မီ တစ်လအလို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အခြားစစ်မှုထမ်းသင်တန်းဆင်းရဲဘော်နှစ်ဦးနှင့်အတူ ရေကန်တောင်စခန်းမှ ဘက်ပြောင်းခိုလှုံလာသူဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။
ယင်းနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ကိုးလခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ရဲဘော်ဆပ်ပြာသည် ဝေဟင်တပ်ဖွဲ့ တွင် ပထမဆုံးကျဆုံးသည့် ရဲဘော်ဖြစ်ပြီး ၎င်း၏စျာပနကို ဇူလိုင်လ ၃၁ ရက်က ပြုလုပ်ကာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း ဝေဟင်တပ်ဖွဲ့ ထံမှ သိရသည်။
လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA၏ ဒူရကစစ်ကြောင်း ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဇူလိုင်လ ၂၉ ရက်တွင် ဆယ်နာရီခန့်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးသည်ဟု ဒူရကစစ်ကြောင်း က သတင်းထုတ်ပြန်ထားသည်။
ပန်းတင်အင်းရွာဘက်သို့ ထိုးလာသော စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂ ရက်တွင်မူ နဘုလယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းသို့ ရောက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများ နှင့် ဒေသခံများထံမှသိရသည် ။