ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် စစ်ရှောင်များ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးပြတ်နေ

August 2, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ငှက်ဖျားရောဂါဖြစ်ပွားမှု များနေပြီး ကုသမည့် ဆေးဝါးပြတ်လပ်နေကြောင်း စစ်ဘေးရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းကစတင်ကာ တော်လှန်ရေးတပ်ထိန်းချုပ်ထားသည့် နေရာများတွင် အဖြစ်များနေခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ငှက်ဖျားစစ်ဆေးသည့် ကိရိယာ (Test Kit) ဖြင့် ဇူလိုင်လအတွင်း သွေးဖောက်စစ်ဆေးရာ စစ်ရှောင် ၂၃ဦးအနက် ရှစ်ဦး ငှက်ဖျားပိုးတွေ့ရကြောင်း စစ်ရှောင်များကို ဆေးကုပေးနေသည့် သူနာပြု ဆရာမတစ်ဦးက ပြောဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်ရှိသည့် နေရာအနှံ့တွင် ငှက်ဖျားဖြစ်ပွားနေကြပြီး အရေအတွက်အနည်းအများသာ ကွာခြားကြောင်း စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

ထိုသို့ အဖြစ်များနေသော်လည်း ငှက်ဖျားစစ်ဆေးသည့် ကိရိယာ (Test Kit) အလုံအလောက်မရှိသဖြင့် ဖျားနာသူအားလုံးကို မစစ်ဆေးနိုင်ဘဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ဆေးဝါးအလုံအလောက်မရှိသဖြင့် ရနိုင်သမျှလမ်းကြောင်းဖြင့် ရှာဖွေဝယ်ယူနေရကြောင်း အထက်ပါ ၎င်းက ပြောဆိုသည်။

ထို့ကြောင့် ငှက်ဖျားစစ်ဆေးသည့် ကိရိယာနှင့် ကုသမည့် ဆေးဝါးလိုအပ်ချက် အများအပြားရှိနေကြောင်း စစ်ရှောင်များကို ဆေးကုသပေးနေသည့် သူနာပြုဆရာက ပြောသည်။

“အရင်ကဆို ငှက်ဖျားတိုက်ဖျက်ရေး အဖွဲ့တွေရှိတယ်။ အခုက သူတို့လည်း နားလိုက်ရတယ်။ စစ်ကောင်စီက ဆေးဝါး ပိတ်ထားလို့လည်း ပါတယ်။ ဆေးတွေ ရှားသွားသလို (Test Kit) စစ်တံတွေလည်း ရှားသွားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ဘေးရှောင်များအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ငှက်ဖျားရောဂါဖြစ်ပွားမှုများနေကြောင်း အသက် ၄၀ နှစ် အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ငှက်ဖျားက တော်တော်အဖြစ်များကြတယ်။ ဆေးက မရှိ ရှိတဲ့နေရာကနေ တောင်းဝယ်နေရတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မုတ်သုန်ရာသီ မတိုင်မီကတည်းက ငှက်ဖျားရောဂါ ဖြစ်ပွားသူများနေပြီး စိုစွတ်သည့်မိုးရာသီတွင် ပိုမိုများပြားလာခြင်းဖြစ်သည်။

FE5 Tanintharyi သုတေသနအဖွဲ့၏ အစီရင်ခံစာအရ တနင်္သာရီမြို့နယ်တွင် ဇွန်လအတွင်း စစ်ဘေးရှောင် ၁၉၀၀၀ ကျော်ရှိကြောင်း သိရသည်။