BREAKING
October 20, 2025

ထားဝယ်အရှေ့တောတွင် နှစ်ချီကြာ မကောက်သည့် လျှပ်စစ်မီတာခ တစ်ပေါင်းတည်းတောင်းခံ

August 2, 2025

ပုံစာ - ထားဝယ်အရှေ့တောဒေသရှိ လမ်းမီးတိုင်များ(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာနှစ်ရွာတွင် နှစ်ချီကြာ မကောက်ခံဘဲထားသည့် လျှပ်စစ်မီတာခကို တစ်ပေါင်းတည်းပေးချေရန် ကောက်ခံလာသဖြင့် ဒေသခံများ အခက်တွေ့နေကြကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်အရှေ့တောဒေသရှိ သင်္ကန်းတုံးနှင့် ဝကုန်းကျေးရွာသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်းလာခဲ့သဖြင့် လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီဘက်မှ မီတာခ လာရောက်ကောက်ခံခြင်း မရှိတော့ကြောင်း ဒေသခံအချို့ကပြောသည်။

ဒေသခံတစ်ဦး၏ အဆိုအရ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစပြီး အထက်ပါကျေးရွာနှစ်ရွာတွင် လျှပ်စစ်မီတာခ လာရောက်ကောက်ခံခြင်း မရှိတော့ကြောင်းသိရသည်။

အဆိုပါကျေးရွာနှစ်ရွာသည် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသဖြင့် ဒေသခံရွာသားများမှာ နေအိမ်တွင် မနေရဲဘဲ စစ်ဘေးရှောင်နေရသည်မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်းလည်း ဒေသခံအချို့ကပြောသည်။

“ရွာထဲမှာ လူတွေမနေကြတော့ အိမ်တွေမှာ စစ်တပ်ကလာနေသွားတာလည်းရှိတယ်။ PDF တွေဝင်နေတာလည်းရှိတယ်။ လျှပ်စစ်မီးကို အဲဒီအိမ်တွေမှာ ဝင်နေသွားတဲ့ရက်တွေက သုံးသွားကြတယ်ဗျာ။ အဲဒါကို အခုက ရွာသားတွေက ပေးရမယ့်သဘောဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုနှစ်တွင်မူ အဆိုပါကျေးရွာနှစ်ရွာဘက်တွင် တိုက်ပွဲများလျော့ကျလာသဖြင့် ဒေသခံအချို့ ရွာထဲဝင်ရောက်နေထိုင်နေသည်မှာ နှစ်လ၊ သုံးလ ဝန်းကျင်ရှိလာနေပြီဟုဆိုသည်။

ယခုဇူလိုင်လကုန်တွင် လျှပ်စစ်ကုမ္ပဏီဘက်မှ မီတာခဆောင်ရမည့်စာရွက်များ ဝကုန်းနှင့် သင်္ကန်တုံးကျေးရွာနှစ်ရွာကို လိုက်လံဝေငှနေကြောင်း သိရသည်။

အဆိုပါမီတာခစာရွက်ထဲတွင် ဖော်ပြထားသော လျှပ်စစ်သုံးစွဲခနှုန်းထားမှာ အိမ်တစ်ဆောင်လျှင် ကျပ်သိန်းချီ‌ဆောင်ရမည့် အနေအထားဖြစ်နေကြောင်း ဒေသခံအချို့ကပြောသည်။

“အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ တစ်ချို့အိမ်တွေ တစ်သိန်း(ကျပ်) ၊ တစ်ချို့အိမ်တွေသုံးသိန်း(ကျပ်) အဲလိုမျိုးဆောင်ရမှာ ဖြစ်နေတယ်။ (မီတာခ) ဆောင်နိုင်တဲ့သူရှိသလို မဆောင်နိုင်တဲ့သူတွေက ဒုက္ခဖြစ်နေကြတာပေါ့” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဒေသခံအများစုမှာ စီးပွားရေးလုပ်ငန်းများပစ်ကာ နှစ်ချီစစ်ဘေးရှောင်နေရသူများ ဖြစ်သောကြောင့် စားဝတ်နေရေးပင် အနိုင်နိုင်ရုန်းကန်နေရချိန် ငွေကျပ်သိန်းချီကို တစ်လုံးတစ်ခဲတည်းပေးဆောင်ရန်မှာ အခက်တွေ့နေကြရသည်။

“ကိုယ်သုံးထားတဲ့ မီတာဖိုးမဟုတ်တော့ ဘယ်သူကဆောင်ချင်မှာလဲ” ဟု အခြားဒေသခံတစ်ဦးကပြောသည်။

ငွေကြေးမတတ်နိုင်သဖြင့် ကျပ်သိန်းချီကျသင့်‌နေသော မီး‌တာခအား မဆောင်ပါကလည်း လျှပ်စစ်မီးလာရောက် ဖြတ်တောက်မည်ကို ဒေသခံတို့က စိုးရိမ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဝကုန်း၊ သင်္ကန်တုံးကျေးရွာတို့တွင် အိမ်မီးရှို့ဖျက်ဆီးခံရသည့် အိမ်များလည်းရှိနေပြီး အဆိုပါမီးရှို့ဖျက်ဆီးခံရသည့် အိမ်များအတွက်မူ လျှပ်စစ်မီတာခ ကောက်ခံခြင်းမရှိကြောင်းလည်း ဒေသခံအချို့ထံမှ သိရသည်။