ရေဖြူမြို့နယ်၊ပရဒတ်ရွာတွင် ယနေ့ (ဩဂုတ် ၂) နံနက်ပိုင်း၌ ပရဒတ်ရွာသား ရှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအချို့ထံမှသိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာ၊ ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်းသို့ ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည့် ယနေ့နံနက် ၆ နာရီခန့်တွင် နဘုလယ်ဒေသအတွင်းရှိ ပရဒတ်ရွာသို့ ရောက်ရှိလာပြီးနောက် ဒေသခံအမျိုးသား၊အမျိုးသမီး ၂၀ ဦးခန့်ကို ကနဦးဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
ယင်းနောက် စစ်ကြောင်းပြန်ထွက်သွားသည့်အချိန် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ထွက်ဝကျေးရွာအနီးဝန်းကျင်မှ အမျိုးသမီးနှင့် သက်ကြီးပိုင်းအမျိုးသားအချို့ကို ပြန်လွှတ်ကာ အမျိုးသား ၈ ဦးကိုမူ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ဝင်လာချိန် နာရေးအိမ်မှာရှိတဲ့သူတွေလည်း ပါသွားတယ်။ လမ်းတစ်လျှောက်မှာ တွေ့တဲ့သူမှန်သမျှ ခေါ်လာတာ”ဟု ၎င်းကပြောသည်။
နဘုလယ်ဒေသဖြစ်သည့် ပရဒတ်၊လဲရှောင်၊ထိန်ကြီး ကျေးရွာသုံးရွာ၌ ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိလာပြီဖြစ်၍ စစ်ကြောင်းဝင်လာသည်ကို မသိရှိကြောင်း အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
” ရွာထဲမှာလုံးဝ မရဘူး ဖုန်းလိုင်းတွေ၊အခု ရွာပြင်ကိုထွက်ပြောနေရတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
အဆိုပါ စစ်ကြောင်းသည် နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးထားသည့် အမျိုးသား ၈ ဦးနှင့်အတူ ရေနက်ဆိပ်ကမ်း အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းဆီသို့ အင်အားဖြည့်ပူးပေါင်းရန် လာချိန်တွင် ပန်းတင်အင်းရွာသို့ ရောက်ရှိချိန်၌ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ယင်းနောက် ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ပန်းတင်အင်းရွာသား ဆယ်ဦးကျော်ကို ဖမ်းဆီးကာ ရေနက်ဆိပ်ကမ်းရှိ စစ်ကောင်စီစစ်စခန်းသို့ ဆက်လက်ထွက်ခွာသွားသည်ဟုဆိုသည်။
ထိုစစ်ကြောင်းဖမ်းဆီးသွားသည့် ပန်းတင်အင်းရွာသား ဆယ်ဦးကျော်မှာလည်း ယနေ့ ညနေပိုင်းအထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။