သရက်ချောင်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အချို့က ငါးဖမ်းလှေများတွင် ငွေကြေးတောင်းခံလေ့ရှိသဖြင့် လှေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ကြောင်း ငါးဖမ်းလှေသမားအချို့နှင့် ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ်ရှိ ပင်လယ်ပြင်ထဲငါးဖမ်းထွက်သည့် ဝါလတ်၊ ဝါတန်းကဲ့သို့သော အကြီးစားလှေများအပါအဝင် ထားဝယ်မြစ်ထဲတွင် လှေငယ်များဖြင့် ငါးဖမ်းထွက်သည့် လှေသမားအဆုံး ပိုက်ဆံပေးနေကြရကြောင်း ၎င်းတို့က ဆိုသည်။
ဇွန်လ ၂၇ရက်တွင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအနီးဝန်းကျင်ရှိ ငါးဖမ်းလှေအချို့ငါးဖမ်းထွက်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းယူခဲ့ကြောင်း ပိုက်ဆံတောင်းယူခံရသည့် လှေပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“ပင်လယ်ထဲရောက်မှ လှေကိုတားပြီး ဖမ်းလိုက်တာ။ တခြားလှေတွေလည်း ပေးရတယ်လို့တော့ အသံကြားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ် စစ်သင်္ဘောနှင့်နီးကပ်စွာ ငါးဖမ်းသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စက်သုံးဆီတစ်ပီပါ တောင်းခံခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
လှေတွင် တောင်းယူသည် စက်သုံးဆီပမာဏ အလုံအလောက်မပါသဖြင့် စက်သုံးဆီအစား ငွေကျပ် ၁၀ သိန်း ပေးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
ယင်းအပြင် သရက်ချောင်းမြို့နယ် ဘုတ်တောင်အနီးရှိ ကျေးရွာများမှ လှေသမားများထံတွင်လည်း လက်နက်ကိုင်အဖွဲ့က မကြာခဏဆိုသလို ငွေကြေးတောင်းခံလေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“နှစ်ချုပ်နဲ့ ပေးရတယ်။ လှေတစ်စီးကို တစ်နှစ်ကိုဘယ်လောက်ဆိုပြီးပေးရတယ်။ လစဉ်ကြေးပုံစံမျိုးလည်း နှစ်လခြား တစ်ခါလို ပေးရသေးတယ်။ လေးလပိုင်းတုန်းဆိုရင် ဒီနားက ရွာငါးရွာပေါင်းပြီး သိန်း ၂၀ ကျပ်ပေးလိုက်ရတာ။ အခုလည်း လာနေပြန်ပြီ။ လှေထွက်ရင်လည်း တောင်းရင်တောင်းသလို တစ်ခါပေးရသေးတယ်” ဟု ဘုတ်တောင်အနီးရှိ ဒေသခံလှေသမားတစ်ဦးက ပြောသည်။
Dawei Watch က စုံစမ်းမေးမြန်းမှုတို့အရ ရငဲကျေးရွာအပါအဝင် ဘုတ်တောင်အနီးအနား တစ်ကြောလုံးကို KNU တပ်မဟာ ၄ အောက်ရှိတပ်များက အဓိက ထိန်းချုပ်ထားသည်ဟုဆိုသည်။
“ဒီနားမှာက PDF တွေတောင် လက်နက်ကိုင်ပြီး ရွာထဲဝင်လို့မရဘူး။ KNU က ပေးမဝင်ဘူး။ ရွာထဲဝင်ချင်ရင် လက်နက်မပါဘဲ အရပ်သားပုံစံနဲ့မှ သွားလို့ရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်က KNU တပ်မဟာ (၄) မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနသည် ၎င်းတို့ထိန်းချုပ်ဒေသရှိ လှေသမားများကို တစ်နှစ် သက်တမ်းရှိ ငါးဖမ်းလုပ်ငန်းထောက်ခံချက်များ ထုတ်ပေးထားသည့် စာရွက်စာတမ်းတစ်ခုကိုလည်း Dawei Watch က ရရှိထားသည်။
သို့သော် လက်ရှိ လှေသမားတို့ထံတွင် ငွေကြေးတောင်းခံနေသည်မှာ KNU တပ်မဟာ ၄ အောက်ရှိတပ်ဖွဲ့ဝင်များ ဟုတ်၊ မဟုတ်ကိုမူ ဒေသခံများကိုယ်တိုင် တိတိကျကျ မပြောနိုင်ကြပေ။
“ဘယ်နှစ်ယောက်တောင်းတာလဲ၊ ဘယ်အဖွဲ့အစည်းလဲတော့ မသိသေးဘူး” ဟု ဇွန်လ ၂၇ ရက်က ပိုက်ဆံတောင်းယူခံရသည့် လှေပိုင်ရှင်နှင့် နီးစပ်သူက ပြောသည်။
အထက်ပါကိစ္စများနှင့်ပတ်သက်၍ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားထံ Dawei Watch က ဇူလိုင်လ ၂ရက် နံနက်ပိုင်းတွင် စာပေးပို့မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဒေသခံလှေသမားများသည် တော်လှန်ရေးအဖွဲ့များကို ပိုက်ဆံပေးနေရသည့်အပြင် စစ်ကောင်စီတပ်ကိုလည်း ငွေကြေးပေးနေကြရကြောင်း ပြောဆိုကြသည်။
ငါးဖမ်းလှေတွင် ငါးအရနည်းသည့်ကြားထဲ ထိုကဲ့သို့ စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တို့ကို ပိုက်ဆံပေးနေရခြင်းကြောင့် ပို၍ခက်ခဲနေကြကြောင်း ဒေသခံလှေသမားအချို့က ဆိုသည်။
လှေထွက်ပြီး ငါးမဖမ်းနိုင်လျှင် စားဝတ်နေရေး ပိုမိုကျပ်တည်းသဖြင့် နှစ်ဖက်စလုံးကို ငွေကြေးပေးပြီး ငါးဖမ်းထွက်နေရကြောင်း လှေသမားများက ပြောဆိုကြသည်။