BREAKING
October 20, 2025

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ထောင်ဒဏ် ခြောက်လချ

July 2, 2025

ပြည်ပတွင် တိမ်းရှောင်နေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ယနေ့ ဇူလိုင်လ ၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်။

တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် ယင်းသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ထိုအချိန်ကတည်းက ရှိတ်ဟာဆီနာကို စွဲဆိုထားသည့် အမှုများ အမြောက်အများ ရှိနေပြီဖြစ်သည်။

ယနေ့ ဗုဒ္ဓဟူးနေ့ တရားရုံးဆုံးဖြတ်ချက်သည် ရှိတ်ဟာဆီနာအား ပထမဆုံးအကြိမ် အပြစ်ဒဏ်စီရင်ချက်ချခြင်း ဖြစ်သည်။

“ကျွန်မကို တရားစွဲထားတဲ့ အမှုပေါင်း ၂၂၇ မှု ရှိတယ်။ ဒါကြောင့် အခု ကျွန်မမှာ လူပေါင်း ၂၂၇ ယောက်ကို သတ်ဖို့ လိုင်စင် ရှိတယ်” ဟု ဟာဆီနာက ပြောဆိုထားသည့် ဖုန်းပြောဆိုမှုမှတ်တမ်းအသံဖိုင်နှင့် ပတ်သက်၍ တရားရုံးက သူမအား ယင်းသို့ စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖုန်းပြောဆိုမှုအသံဖိုင်မှာ ဟာဆီနာ၏ ပြောဆိုထားမှု အစစ်အမှန်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ စုံစမ်းစစ်ဆေးရေး အေဂျင်စီတစ်ခုက အတည်ပြုထားသည်။

ရှိတ်ဟာဆီနာသည် Awami League ပါတီကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သည်။

Awami League ပါတီလက်အောက်မှ ကျောင်းသားနိုင်ငံရေးအဖွဲ့အစည်းဖြစ်သော Chhatra League ၏ ခေါင်းဆောင်တစ်ဦးကိုလည်း တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၂ လ ချမှတ်ခဲ့သည်။

၎င်းတို့ နှစ်ဦးအား ဖမ်းဆီးရမိချိန် သို့မဟုတ် ၎င်းတို့ ကိုယ်တိုင်လာရောက် အဖမ်းခံချိန်တွင် ထောင်ဒဏ်အပြစ်ဒဏ် စတင်အသက်ဝင်မည်ဖြစ်ကြောင်း တရားလိုရှေ့နေက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂၀၁၀ ခုနှစ် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာလက်ထက်တွင် စတင်တည်ထောင်ခဲ့သည်။

၁၉၇၁ စစ်ပွဲမှ စစ်ရာဇဝတ်မှုများကို စစ်ဆေးအရေးယူရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Source: Reuters