ဂါဇာတွင် ရက် ၆၀ ကြာ အပစ်ရပ်စဲရေးကို အစ္စရေးဘက်က သဘောတူကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ အပစ်ရပ်ကာလအတွင်း ဂါဇာစစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရက် ၆၀ ကြာ အပစ်ရပ်ဖို့အတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေကို အစ္စရေးက သဘောတူလိုက်ပါပြီ။ ဒီအပစ်ရပ်ကာလ အတွင်းမှာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားမှာပါ” ဟု ထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ယင်းအပစ်ရပ်အဆိုပြုချက်ကို ကာတာနှင့် အီဂျစ်နိုင်ငံတို့က ဟားမတ်စ်အဖွဲ့ကို ချပြသွားမည်ဟု ထရမ့်က ပြောသည်။
အရှေ့အလယ်ပိုင်းအခြေအနေ ထပ်မံမဆိုးရွားလာစေရန် အပစ်ရပ်အဆိုပြုချက်ကို ဟားမတ်စ်ဘက်က လက်ခံမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောဆိုသည်။
ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် ကာတာနှင့် အီဂျစ်နိုင်ငံက အင်မတန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
သို့သော် အပစ်ရပ်အဆိုပြုချက်ကို သဘောတူကြောင်း အစ္စရေးနှင့် ဟားမတ်စ်ဘက်က လက်ရှိအချိန်အထိ တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
Source: Reuters