BREAKING
October 20, 2025

မြိတ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နှင့်အတူ ဘက်ပြောင်း

July 2, 2025

ပုံစာ - ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ရွာတွင် တာဝန်ကျနေသည့် မြိတ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဇူလိုင်လ ၁ရက်တွင် ချောင်းနှစ်ပေါက်ရွာ စစ်ကောင်စီတပ်ရှေ့တန်းစခန်းက အသက်၃၅နှစ်အရွယ် မြိတ်ဒေသခံတပ်သား တစ်ဦးက ထွက်ပြေးလာပြီး KNU တပ်မဟာ-၄ လက်အောက်ခံ KNLA တပ်ရင်း ၁၁ထံ ခိုလှုံလာကြောင်း တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူက စစ်သားစုဆောင်းခံရပြီးပါလာသူဖြစ်တယ်” ဟု အထက်ပါ ရဲဘော်က ပြောဆိုသည်။

အဆိုတပ်တပ်ဖွဲ့ဝင်သည် MA-1 သေနတ်တစ်လက်၊ ကျည် ၂၀၂တောင့်၊ စစ်သုံးပစ္စည်းအချို့ ယူဆောင်လာကြောင်း KNLA တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်အခြားတစ်ဦးက ဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားသည် စစ်မှုထမ်းအပတ်စဉ် ၁၀ ကို မွန်ပြည်နယ် သံဖြူဇရပ်တွင် သင်တန်းတက်ရောက်ရပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ၏ အမှတ် ၂၆၅ ခြေလျင်တပ်ရင်းက ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ထံမှသိရသည်။

စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေသည်မှာ ၆ လကျော်လာပြီဖြစ်သော်လည်းရှေ့မတိုးနိုင်ဘဲ သိန်ခွန်းရွာတွင်ပင် ရပ်တန့်နေသည်။