ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာအနီး ပင်လယ်ပြင်တွင် ပုစွန်ထိုးလှေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရင်းကောက်ယူပြီးနောက် ငွေကြေးတောင်းခံကာ ဖမ်းဆီးခွင့်ပြုနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ကံမော်ကြီးရွာ ပင်လယ်ပြင်တွင် မေလလယ်ခန့်မှစတင်ကာ ပုစွန်ထိုးလှေများအစုအဖွဲ့ဖြင့် လက်ရှိအချိန်အထိ ပုစွန်ဖမ်းဆီးနေသည်။
ယင်းသို့ အုပ်စုဖွဲ့ဖမ်းဆီးမှုကြောင့် လက်လုပ်လက်စားဒေသခံများ အခက်အခဲကြုံတွေ့နေရသော်လည်း တားမြစ်ခြင်း မရှိသည့်အပြင် ငွေကြေးယူကာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ပုစွန်ထိုးလှေများ အုပ်စုလိုက် ဝင်ရောက်ဖမ်းဆီးနေသဖြင့် လက်လုပ်လက်စားဒေသခံများ အခက်အခဲကြုံနေရသည့် အခြေအနေကို Dawei Watch က ဇွန်လ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ယင်းသို့သတင်းဖော်ပြပြီး နောက်တစ်ရက်တွင် မြို့နယ်ထွေအုပ်ရုံးက ကံမော်ကြီးရွာအုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပြီး ပုစွန်ထိုးလှေစာရင်းကောက်ခိုင်းခဲ့ကြောင်း ကံမော်ကြီးရွာဒေသခံတစ်ဦးက ဆိုသည်။
ကံမော်ကြီးရွာအုပ်ချုပ်ရေးမှူးက ပုစွန်ထိုးလှေ ၁၉ စင်း၏ စာရင်းကို ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။
“သတင်းတက်ပြီး တစ်ရက်ပဲကြာတယ်။ မြို့နယ်အုပ်ချုပ်ရေးကနေ ရွာလူကြီးကို ဖုန်းဆက်တာ။ ပုစွန်ထိုးလှေ စာရင်းတောင်းတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
အဆိုပါပုစွန်ထိုးလှေများက ကံမော်ကြီးရွာအရှေ့ဘက်တွင် ဖမ်းဆီးပါက လှေတစ်စင်းကို တစ်လလျှင် ငွေကျပ် တစ်သိန်း ပေးရန်နှင့် ရွာအနောက်ဘက်ရှိပင်လယ်ပြင် (မကြုံဂလက်ကျွန်း) တွင် ဖမ်းဆီးမည်ဆိုပါက ကျပ်ငါးသောင်းပေးရန် မြို့နယ်ထွေအုပ်က တောင်းယူနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ယခင်ကလည်း ပုစွန်ထိုးလှေတစ်စင်းလျှင် ငွေကျပ်သုံးသောင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံပြီး ရရှိသည့် ငွေကြေးကို ရပ်ရွာဖွံ့ဖြိုးရေးရန်ပုံငွေအနေဖြင့် အသုံးပြုခဲ့ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင်မူ ပုစွန်ထိုးလှေများထံက ကောက်ခံမည့်ငွေကြေးကို မြို့နယ်ထွေအုပ်ထံ ပေးသွင်းရမည်ဖြစ်ကြောင်း ဒေသခံများ က ပြောဆိုကြသည်။
“အရင်တုန်းကတော့ အောက်ကလူကြီး (ကျေးရွာအုပ်ချုပ်ရေးအဖွဲ့) တွေ စားနေတယ်။ အခုဆိုရင် အထက်ကနေ တိုက်ရိုက်တောင်းတာပေါ့” ဟု အထက်ပါ ဒေသခံက ပြောသည်။
ကံမော်ကြီးရွာဝန်းကျင်ရှိ ပင်လယ်ရေတိမ်နေရာများတွင် ပုစွန်ထိုးလှေများက ပုစွန်ဖမ်းဆီးနေကြသည့်အတွက် ရှပ် (ဂုံးတစ်မျိုး) ၊ ဂုံး၊ ပင်လယ်ကင်းပုစွန်အပါအဝင် ရေတိမ်ဒေသနေ ရေသတ္တဝါများ ရှားပါးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပုစွန်ထိုးလှေတွင် ဝါးလုံးနှစ်လုံးကို ခက်ရင်းခွကဲ့သို့ ချည်နှောင်ထားပြီး ဝါးလုံးအဖျားပိုင်းတွင် ပုစွန်ဖမ်းပိုက် တပ်ဆင် ထားသည်။ ထို့နောက် ပင်လယ်ရေတိမ်ကြမ်းပြင်ကို ပိုက်ပါသည့်အပိုင်းကို ထိုးနှစ်ကာ ပုစွန်ဖမ်းဆီးကြခြင်းဖြစ်သည်။