BREAKING
October 20, 2025

တနင်္သာရီ လယ်တောင်ယာရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အချင်းချင်းမှားပစ်

July 2, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်တို့ အချင်းချင်းမှားပစ်၍ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။

ဇွန်လ ၃၀ ရက် နံနက် ၄နာရီခွဲခန့်တွင် လယ်တောင်ယာရွာဘက်သို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါနေရာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ် အခြားအဖွဲ့တစ်ဖွဲ့က လမ်းကင်းယူထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ပြီးချိန်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများက အချင်းချင်းမှားပစ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“အစောကြီးဆို မှောင်လည်းမှောင်နေတော့ (စစ်ကြောင်း) သူတို့တက်လာတဲ့လမ်းကို ခန့်မှန်းပြီး ခွဲလိုက်တယ်။ သူတို့ (စကစ) ရမ်းသမ်းပြီး ပစ်ကြတယ်။ ချင်းချင်းပဲ ပစ်ခတ်မှုဖြစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီးနောက် ဒဏ်ရာရသူများကို တနင်္သာရီမြို့ ရှိ ဆေးရုံသို့ပို့ဆောင်လိုက်သည်ဟု သိရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။

“ထိခိုက်သူက နှစ်ယောက်နဲ့ သေဆုံးသူက သုံးယောက်လောက်ရှိတယ်လို့ ကြားရတယ်။စစ်မှုထမ်း စုဆောင်းခံရသူတွေပဲလို့ ဒေသခံတွေ ပြောပြလို့ သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တော်လှန်ရေးတပ်ဘက်ကမူ ထိခိုက်မှု မရှိခဲ့ကြောင်း တပ်ဖွဲ့ဝင်များက ပြောဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီက အင်အားနှင့် ရိက္ခာဖြည့်တင်းနေပြီး စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ရှိနေသည်။