ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် ရှပ် (ဂုံး) ဆွဲလှေများကြောင့် ကမ်းနီးငါးဖမ်းလှေများ ငါးရရှိမှုနည်းပါးပြီး အခက်ကြုံနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ခြောက်လခန့်ကတည်းက ရှပ် ပေါ်(ပေါများ) နေသည့်အတွက် ရှပ်ဆွဲလှေများက လက်ရှိအချိန်အထိ ဖမ်းဆီးနေကြကြောင်း အလယ်မန်ရွာနေဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် ဒေသခံကမ်းနီးငါးဖမ်းလှေငယ်များမှာ ငါးရရှိမှုနည်းပါးလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“ရှပ်ဆွဲလှေတွေကြောင့် ပင်လယ်ပြင်မှာ ငါးတွေ၊ ကင်းမွန်တွေ မရကြတော့ဘူး။ ရှပ်ငုပ်လှေတချို့ကတော့ ရေကြမ်းလို့ မငုပ်ကြတော့ဘူး။ ရှပ်ဆွဲလှေတွေကတော့ အခုထိဆွဲနေကြတုန်းပဲ” ဟု အလယ်မန်ကျေးရွာနေ အထက်ပါဒေသခံက ပြောဆိုသည်။
ရှပ်ဆွဲလှေများသည် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ဘက်က အများဆုံးဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ရှပ်ဆွဲလှေများက ပင်လယ်ကြမ်းပြင် ရွှံ့နွှံနှင့် သဲအောက်ရှိ ရှပ်လုံးများကို ထွန်ခြစ်ကဲ့သို့ သံဇကာများဖြင့် ဆွဲယူ ဖမ်းဆီးကြခြင်း ဖြစ်သည်။
ထို့ကြောင့် ရေနေသတ္တဝါများခိုအောင်းနေထိုင်သည့် နေရာများပျက်စီးသွားပြီး ရှားပါးသွားလေ့ရှိသည်။
“ရေရှည်ကြာလာရင်တော့ ရွာအတွက်လည်း အဆင်မပြေဘူးဗျာ။ ပင်လယ်ရွာဆိုတော့ တံငါသည်တွေက ငါးငယ်၊ သားငယ် (ရေထွက်ပစ္စည်းအသေးစားများ) ရနေမှ စားဝတ်နေရေးဖူလုံကြမှာလေ။ အခုက မိုးရာသီ အကုန်ခက်ခဲနေကြတာသိတယ်။ ဒါပေမဲ့ တစ်ကိုယ်ကောင်းတော့ မဆန်စေချင်ဘူး” ဟု ဒေသခံ အမျိုးသားအခြားတစ်ဦးက ပြောသည်။
အလယ်မန်ရွာ အနောက်ဘက်ရှိ တောင်နောက် (ဒေသအခေါ်) ပင်လယ်ပြင်တွင် ရှပ်ဆွဲလှေအစင်းရေ ရာနှင့်ချီဖမ်းဆီးနေ ကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။
လက်ရှိတွင် မိုးရာသီရောက်လာပြီး ပင်လယ်ရေစီးကြမ်းလာသဖြင့် ကမ်းပြန်ဝင်သွားသည့် ရှပ်ဆွဲလှေအချို့ လည်းရှိကြောင်း အထက်ပါဒေသခံက ဆိုသည်။
ဖမ်းဆီးရရှိသည့် ရှပ်များကို အလယ်မန်ကျေးရွာရှိ အဝယ်ဒိုင်များကို ရောင်းချလေ့ရှိပြီး အဆိုပါအဝယ်ဒိုင်က ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။







