BREAKING
June 4, 2025

သရက်ချောင်း၊ မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ

June 2, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းပေါ်က မင်းဒပ်ရွာအရှေ့ဘက်ခြမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် က ပစ်ခတ်မှုကြောင့် အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

မေလ ၃၁ရက် နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က မင်းဒပ်ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မင်းဒပ်ရွာက အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းသို့ ပစ်ခတ်ရာတွင် မင်းဒပ်ရွာ အနောက်ဘက်ခြမ်းတွင် ရှိနေသည့် မင်းဒပ်ရွာသား ဦးခင်မောင်ဇော်၏ ပေါင်တွင် ကျည်ထိမှန်ပြီး ဆီးခုံကို ဖောက်ဝင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ကျည်ထိမှန်သည့် ဒေသခံသည် စိတ်မမှန်သူဖြစ်ပြီး လမ်းမဘက်သို့ထွက်ကာ ဆေးလိပ်သောက်ချိန် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောသည်။

“နေ့လယ်တည်းကဖြစ်တာ ရွာထဲမှာလဲနေတာပေါ့။ ညနေ ၄ နာရီလောက်မှ လူတွေသူ့ကို တွေ့လို့ ဆေးခန်းခေါ် သွားကြရတယ်” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်သဖြင့် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် များနှင့် နီးစပ်သည့် အထက်ပါဒေသခံအမျိုးသားက ပြောဆိုသော်လည်း Dawei Watch သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝင်းဝနယ်မြေရဲစခန်းမှ မင်းဒပ်ရွာဘက်သို့ မေလ ၂၈ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့၏ ခြေကုပ်စခန်းငယ်များကို ဝင်ရောက်စီးနင်းပြီးနောက် မင်းဒပ်ရွာသို့ ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ရွာအရှေ့ဘက်ခြမ်းတွင် တပ်စွဲထားပြီး ဒေသခံရွာသူ၊ ရွာသား ၂၀ကျော်ကို ရွာထဲတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရပြီး နေအိမ်သို့ စားနပ်ရိက္ခာများ လာယူကြသူများကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဇွန်လ ၂ ရက်တွင် ရွာထဲတွင် စားရိက္ခာဝင်လာယူသည့် ဇနီးမောင်နှံနှစ်ဦး စစ်ကောင်စီတပ်သားများနှင့် တွေ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ၎င်းတို့က ဆိုသည်။

မေလ ၂၆ ရက်က စစ်ကြောင်းဝင်ရာတွင်လည်း ရဟန်းတစ်ပါး အပါအဝင် ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ရဟန်းတစ်ပါးမှလွဲ၍ ကျန်ဒေသခံများ လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။