လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဇွန်လ ပထမ ၁၀ ရက်ပတ်တွင် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံး၌ မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်လ ၁ရက်တွင် ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
ထိုကြောင့် ဇွန်လ ၁ရက်မှ ၁၀ရက်အတွင်း တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ၇ ရက်မှ ၉ ရက်ခန့် မိုးရွာနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း (အောက်ပိုင်း)၊ ကယား၊ ရှမ်းမြောက်တို့တွင် ၄ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြသည်။
“မနေ့ကတော့ မိုးသိပ်မကြီးဘူး။ ဒီနေ့တော့ မိုးကြီးလို့ ခြံထဲမသွားဖြစ်ဘူး” ဟု သရက်ချောင်းမြို့နယ် ဝဲရစ်ရွာက ဥယာဉ်ခြံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက လည်း ဇွန်လ ၂ရက်မှ ၈ရက်အတွင်း မိုးကြီးခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်းစသည့် ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် အထူးသတိပြုနေထိုင်ကြရန် ယနေ့ ထုတ်ပြန်ထားသည်။
ဇွန်လ ၄ ရက်မှ ဇွန်လ၈ ရက်အတွင်း ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသည့် အနောက်တောင်မုတ်သုံလေသည် ပြန်လည်အားလျော့နိုင်ကြောင်းလည်း ဖော်ပြသည်။