ပြီးခဲ့သည့် အပတ်က ပိုလန်သမ္မတရွေးကောက်ပွဲတွင် လက်ယာယိမ်းအမျိုသားရေးဝါဒီ ကာရိုလ်နာဗရွတ်စကီက အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ ဇွန်လ ၂ ရက်တွင် ကြေညာလိုက်သည်။
သဘောထားတင်းမာသည့် ကွန်ဆာဗေးတစ်ဝါဒီ နာဗရွတ်စကီသည် မဲအားလုံး၏ ၅၀ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။
၎င်း၏ ပြိုင်ဘက်ဖြစ်သည့် ဝါဆောမြို့တော်ဝန်ဖြစ်သူ လစ်ဘရယ်ဝါဒီ ရာဖောင်းချာစကွတ်ဖ်စကီသည် မဲအရေအတွက် ၄၉ ဒသမ ၁၁ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သည်။
နာဗရွတ်စကီက ၎င်းရွေးကောက်ပွဲနိုင်လျှင် လက်ရှိဝန်ကြီးချုပ်ဒေါ်နယ်တပ်စ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို သမ္မတ ဗီတိုအာဏာသုံး၌ ဟန့်တားပိတ်ဆို့သွားမည်ဟု ကတိပြုထားသည်။
နာဗရွတ်စကီ၏ အနိုင်ရလဒ်ကို ဥရောပနှင့် အမေရိကန်နိုင်ငံရှိ လက်ယာယိမ်းအင်အားစုများက ကြိုဆိုကြမည် ဖြစ်သည်။
သို့သော်လည်း အလယ်အလတ်သဘောထားရှိသည့် ဝန်ကြီးချုပ်ဒေါ်နယ်တပ်စ် ဦးဆောင်သည့် လက်ရှိပိုလန်အစိုးရအဖို့မူ အုပ်ချုပ်ရေးတွင် ပိုမိုအခက်တွေ့လာမည် ဖြစ်သည်။
အသက် ၄၂ နှစ်အရွယ် နာဗရွတ်စကီသည် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အပျော်တမ်းလက်ဝှေ့သမားတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် နိုင်ငံ့သမိုင်းမှတ်တမ်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုကို တည်ထောင်လည်ပတ်ခဲ့ဖူးသည်။
နာဗရွတ်စကီသည် ရွေးကောက်ပွဲအကြိုကာလ မဲဆွယ် စည်းရုံးရာတွင် ပိုလန်လူမျိုးများကို အခြားလူမျိုးများထက် ပိုဦးစားပေးမည့် လူမှုစီးပွားမူဝါဒများ ဖော်ဆောင်မည်ဟု ကတိပြုထားသည်။
ရုရှားကို ပိုလန်နိုင်ငံ၏ လက်ဝဲ၊ လက်ယာအင်အားစုများအားလုံးက ပြင်းပြင်းထန်ထန်ဆန့်ကျင်လျက်ရှိသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ နာဗရွတ်စကီ၏ သဘောထားသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သဘောထားနှင့် ဆင်တူနေသည်။
မကြာမီသမ္မတဖြစ်လာတော့မည့် နာဗရွတ်စကီသည် ယူကရိန်းအပေါ် ပိုလန်၏ ထောက်ခံအားပေးမှုကို ဆက်လက်ထိန်းသိမ်းထားရှိမည်ဟု ဆိုသည်။
သို့သော် ၎င်းသည် ယူကရိန်းသမ္မတဗလော်ဒီမာဇလန်းစကီးအား ဝေဖန်လေ့ရှိသူ ဖြစ်သည်။
ယူကရိန်းသမ္မတသည် မဟာမိတ်နိုင်ငံများအပေါ် အမြတ်ထုတ်လွန်းသည်ဟု ၎င်းက စွပ်စွဲလေ့ရှိသည်။
ပိုလန်နိုင်ငံတွင် ယူကရိန်းလူဦးရေ တစ်သန်း ရောက်ရှိခိုလှုံနေသည်နှင့် ပတ်သက်၍ ပိုလန်နိုင်ငံသားများအကြား မကျေနပ်မှု ကြီးထွားလာနေသည့်အပေါ် နာဗရွတ်စကီက အသုံးချခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစသည့် လူမှုဖုံလုံရေးအစီအမံများကို ယူကရိန်းဒုက္ခသည်များထက် ပိုလန်နိုင်ငံသားများကိုသာ ပိုဦးစားပေးမည်ဖြစ်ကြောင်း ၎င်းက မဲဆွယ်ကတိပြုခဲ့သည်။
နာဗရွတ်စကီ၏ အောင်ပွဲသည် ဥရောပမျိုးချစ်များအတွက် အောင်ပွဲသစ်တစ်ခုဖြစ်သည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီယာတိုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
ပြီးခဲ့သည့်လက ရိုမေးနီးယားသမ္မတရွေးကောက်ပွဲတွင် လက်ယာစွန်းအမျိုးသားရေးဝါဒီ ဂျော့ဆီမြွန် ရှုံးနိမ့်ခဲ့မှုကြောင့် ဥရောပရှိ လက်ယာယိမ်းအင်အားစုများ မကျေမနပ် ဖြစ်ခဲ့ကြသည်။
သို့သော် ပိုလန်၌ လက်ယာစွန်းအမျိုးသားရေးဝါဒီ နာဗရွတ်စကီ၏ အောင်ပွဲကြောင့် ၎င်းတို့ အောင်ပွဲခံရန် စိတ်အားထက်သန်လျက်ရှိသည်ဟု Al Jazeera သတင်းဌာနက ဖော်ပြသည်။
Source: Al Jazeera