ကုန်သည်များသည် ကွမ်းသီးနုဝယ်ယူရာတွင် အလုံးအရွယ်အစားကို ရွေးချယ်ဝယ်ယူသဖြင့် ကွမ်းခြံရှင်အချို့က ကွမ်းသီးနု မရောင်းတော့ဘဲ ရပ်နားကြောင်း မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ဒေသခံများက ပြောသည်။
ကွမ်းသီးနုလာဝယ်သည့် ကုန်သည်များက ကွမ်းသီးလုံးအရွယ်အစားကိုသတ်မှတ်ပြီး ရွေးချယ်ဝယ်ယူနေကာ အရွယ်အစား မမီသည့် ကွမ်းသီးနုများကို မဝယ်တော့ကြောင်း ကွမ်းသီးခြံရှင်အချို့က ဆိုသည်။
ပြီးခဲ့သည့်နှစ်ကမူ ကွမ်းသီးနုအရွယ်အစားရွေးချယ်သတ်မှတ်ခြင်းမရှိဘဲ ခူးသမျှကို ဝယ်ယူခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
“သူတို့လိုချင်တဲ့ ဆိုဒ်ပဲရွေးယူတယ်။ ကျန်တဲ့ အနုလုံးတွေက သူတို့မှ မယူရင် အကုန်ပစ်ရမှာ။ မနှစ်ကဆို ကြီးငယ်သောင်းပြောင်း အကုန်ယူတယ်။ ဒီနှစ်က ဈေးကလည်း နည်းတယ်။ ဝယ်လက်တွေက တော်တော် ချေး (ဂျီး) များတယ်။ ကျွန်တော်တို့ ကွမ်းခြံရှင်တွေ အခက်တွေ့တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကွမ်းသီးနုတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဝန်းကျင်မှ ၅၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် ကွမ်းသီးနုရာသီကမူ တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင် ပေါက်ဈေး ရှိခဲ့သည်။
ကွမ်းသီးနုတစ်လုံး၏ အလေးချိန် ၂၂ ဂရမ်မှ ၃၄ ဂရမ်အထိရှိက ဝယ်ယူပြီး ယင်းထက်အလေးချိန်နည်းပြီး ကွမ်းသီးလုံးငယ်ပါက မဝယ်ဘဲထားခဲ့ကြောင်း ကွမ်းသီးခြံပိုင်ရှိင်အချို့က ဆိုသည်။
ယင်းအပြင် ကွမ်သီးပုံပန်းသဏ္ဍန်မမှန်သည့် (ဒေသအခေါ်-အဝိုင်းသီး၊ ရက်ကြာသီး၊ ကျည်ဆံချွန်း၊ အဝါးကြား၊ ကပ်ချွန်း၊ မျောချွန်) အလုံးများကိုလည်း ကုန်သည်များက မဝယ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

တနင်္သာရီတိုင်းထွက် ကွမ်းသီးနုကိုဝယ်ယူပြီး ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် မြိတ်မြို့ရှိ ကွမ်းသီးနုစက်ရုံများကို တင်ပို့ရောင်း ချကြောင်း မြိတ်၊ တနင်္သာရီ နှင့်ဘုတ်ပြင်းမြို့နယ်တို့တွင် ကွမ်းသီးနုလိုက်ဝယ်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ပြန်သွင်းနေတဲ့ စက်ရုံတွေကိုက အဲဒီလိုရွေးပြီးမှယူတယ်။ ကျွန်တော်တို့ကုန်သည်တွေလည်း အရင်းရှုံးပေါင်း မနည်းပြီဗျာ။ ခြံရှင်တွေကို အားနာပြီး အကုန်ယူပေးတယ်။ သူတို့(ကွမ်းခြံရှင်များ)မှာလည်း ဆိုဒ်မဝင်ဘူးဆိုပြီး အပင်ပေါ် ပြန်တင်လို့ရတာမဟုတ်ဘူးလေ။ နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုတွေရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
ကွမ်းသီးနုစက်ရုံများက အရွယ်အစားရွေးချယ်ဝယ်ယူလာခြင်းကြောင့် ကွမ်းသီးနု အဝယ်ရပ်နားထားရကြောင်း ၎င်းက ဆိုသည်။
ယခုနှစ်ကွမ်းသီးနု ရာသီအစတွင် ယမန်နှစ်ထက် ဈေးကျနေပြီး တိုက်ပွဲနှင့် စစ်ကောင်စီစစ်ကြောင်းထိုးမှုများကြောင့် နယ်မြေ မအေးချမ်းသည့် ဒေသရှိ ကွမ်းခြံရှင်များအခက်ကြုံနေရသည်။
ကွမ်းသီးနုကို အရသာပေါင်းစပ်ပြီး အဆာပြေသရေစာအဖြစ်အသုံးပြုကြသလို အစာကြေဆေး၊ သန်ချဆေး၊ ခံတွင်းရနံ့ သန့်စင်ဆေးရည်ဖော်စပ်ရာတွင် အသုံးပြုသည့်အပြင် စိတ်ကျရောဂါဆိုင်ရာ ရောဂါများကုသရာတွင် အသုံးပြုကြကြောင်း စစ်ကောင်စီ စီမံဘဏ္ဍာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။