ရုရှားအကြီးစားလေတပ်စခန်းများရှိ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် အစီးရေ ၄၀ ကျော်ကို ယူကရိန်းက တိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။
အဆိုပါ လျှို့ဝှက်စစ်ဆင်ရေးတွင် ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ (SBU) သည် ရုရှားထောက်လှမ်းရေးအေဂျင်စီ (FSB) ၏ ဒေသန္တရရုံးအဆောက်အအုံအနီးအနားတွင်ပင် လျှို့ဝှက်အမိန့်ပေးကွပ်ကဲစခန်းတစ်ခု တည်ဆောက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသည်။
‘ပင့်ကူအိမ် (Spider’s Web)’ ဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးတွင် ဒရုန်းအစီးရေ ၁၁၇ စီးအသုံးပြုကာ ရုရှားလေတပ်စခန်းများကို မေလ ၃၁ရက် တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကွန်တိန်နာကဲ့သို့ သစ်သားဂိုဒေါင်ကြီးများ၏ ခေါင်မိုးထဲတွင် အဆိုပါ ဒရုန်းများကို ဝှက်ထားကာ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ယူကရိန်းလုံခြုံရေးအရာရှိတစ်ဦးက ပြောဆိုသည်။
အဆိုပါ သစ်သားကွန်တိန်နာများကို ထရပ်ကားများပေါ် တင်ကား ရုရှားစစ်အခြေစိုက်စခန်းများ၏ အနီးအနားအထိ ပို့ဆောင်ထားခဲ့သည်။
အဆိုပါ သစ်သားကွန်တိန်နာများ၏ ခေါင်မိုးများကို အဝေးထိန်းစနစ်ဖြင့် ဖွင့်ကာ ဒရုန်းများ ပျံထွက်လာစေပြီး တိုက်ခိုက်မှုကို စတင်ခဲ့ကြောင်း အထက်ပါ ယူကရိန်းအရာရှိက ဆိုသည်။
အဆိုပါ ဒရုန်းများက ရုရှား၏ အဓိကလေတပ်စခန်းလေးခုကို တိုက်ခိုက်ခဲ့ပြီး ရုရှားလေယာဉ် ၄၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ရုရှားဘက်က ထိခိုက်ပျက်စီးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံအထိ ရှိမည်ဟု ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ (SBU) က ခန့်မှန်းထားသည်။
ရုရှား၏ အဓိကလေတပ်စခန်းများရှိ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုသည်။
လက်ဖျားခါရလောက်သည့် အဆိုပါ စစ်ဆင်ရေးရလဒ်ကို ယူကရိန်းတစ်နိုင်ငံတည်းဖြင့် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောဆိုသည်။





အဆိုပါ စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်ရန် တစ်နှစ်ခွဲကျော် အချိန်ယူခဲ့ရသည် ဇလန်းစကီးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးသည် ရုရှားနယ်မြေအတွင်း ယူကရိန်း၏ အဝေးလံဆုံး စစ်ဆင်ရေးဟု ၎င်းက ပြောသည်။
စစ်ဆင်ရေးအတွင်း ပါဝင်သည့် ယူကရိန်းလျှို့ဝှက်တပ်ဖွဲ့ဝင်အားလုံးကို တိုက်ခိုက်မှုမစတင်မီတစ်ရက်အလိုတွင် ရုရှားနိုင်ငံအတွင်းက ခေါ်ထုတ်ခဲ့ကြောင်း ဇလန်းစကီးက ဆက်လက်ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်သည့် ရုပ်သံမှတ်တမ်းများတွင် ရုရှားနိုင်ငံ ၊ Belaya လေတပ်စခန်း၌ ရုရှား၏ဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ မီးလောင်နေသည်ကို တွေ့ရှိရသည်။
တနင်္ဂနွေနေ့က ‘ပင့်ကူအိမ်’ စစ်ဆင်ရေးသည် ရုရှား-ယူကရိန်းနယ်စပ်မှ ရုရှားနိုင်ငံအတွင်းပိုင်းသို့ မိုင်ပေါင်း ၂၆၇၀ ကျော် ဝေးကွာသည့် နေရာတွင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကွာအဝေးသည် ယူကရိန်းဒရုန်းများနှင့် မစ်ဆိုင်းဒုံးကျည်များ မရောက်ရှိနိုင်သည့် အကွာအဝေးဖြစ်သောကြောင့် ဒရုန်းများကို ပစ်မှတ်အနားထိ လျှို့ဝှက်ယူဆောင်ကာ စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Source: Reuters