BREAKING
June 4, 2025

သမုတ်ချုံးရွာတွင် ရေချိုးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ

June 2, 2025

ပုံစာ - တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့ သမုတ်ချုံးရွာတွင် ရေချိုးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်သားများက လာရောက်ပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

မေလ ၃၁ ရက် နံနက် ၈ နာရီဝန်းကျင်က သမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရေချိုးနေချိန် စစ်ကောင်စီတပ်သားများ လာရောက်ပစ်ခတ်ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

”ရေချိုးနေတုန်း သူတို့က တောင်ပေါ်ကနေလာပစ်တယ်။ ကင်းစောင့်ပေးနေသူတွေပြန်ပစ်ပြီးမှ ရေချိုးသမားတွေလည်း သေနတ်ယူပြီးပြန်ပစ်ကြတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရသွားပြီး နောက်တစ်ဦးမှာ လည်ပင်းကို ထိမှန်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားများက တောင်ပေါ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ကြပြီး တော်လှန်ရေးတပ်သားများက တောင်အောက်မှပြန်ပစ်ရသဖြင့် တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

”သူတို့က တောင်ပေါ်ကနေ အလိုပြည့်(စိတ်တိုင်းကျ) လာပစ်တယ်။ မနည်းဆုတ်ပြေးလိုက်ရတယ်။ သူတို့ပစ်နေတာ မိုးရွာသလိုဖြစ်နေတယ်။ လက်နက်ကြီးလည်း တစ်နေကုန်ထုနေတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပြီးချိန်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တစ်နေ့လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်ရှိ သမုတ်ချုံးရွာတွင် မေလ၂၃ရက်နေ့ကစပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ကို မောင်းနှင်သူတစ်ဦးသာ စီးနှင်းခွင့်ပြုပြီး ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။