တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ဘက်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။
မေလ ၃၀ ရက်က ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ တောလမ်းအတိုင်း စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်သည် ဥယျာဉ်ခြံများထဲတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။
အဖမ်းခံရသူများမှာ သဗျာကျေးရွာမှ ၄ ဦး၊ လောင်းလုံးမြို့ပေါ်မှ ၁၁ ဦး စုစုပေါင်း အနည်းဆုံး ၁၅ ဦးရှိကြောင်း အဖမ်းခံရသူများနှင့်နီးစပ်သူတို့က ပြောဆိုသည်။
စစ်ကောင်စီတပ်သည် တောလမ်းအတိုင်း စစ်ကူဆင်းလာရာ မေလ ၃၁ ရက်နေ့တွင် သဗျာကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံလေးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် လောင်းလုံးမြို့ထဲဝင်လာပြီး ထွေအုပ်ရုံးတွင် တစ်ညအိပ်စခန်းချခဲ့ကြောင်း မြို့ခံတို့ကပြောသည်။
ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင်မူ ထွေအုပ်ရုံးမှ လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားရှိ လက်ခတ်တောင်ဘက်ခြမ်းသို့ ဦးတည်စစ်ကြောင်းထိုးသွားကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကြောင်းထိုးသွားချိန် လမ်းတွင်တွေ့ရသည့် လောင်းလုံးမြို့ခံ ၁၁ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
“ကျွန်တော်ခြံထဲက အလုပ်သမားက နှစ်ယောက်ပါသွားတယ်။ အခုပါသွားတဲ့သူတွေက စစ်ဘေးရှောင်တွေချည်းပဲ။ တိုက်ပွဲခဏအေးတဲ့နေတဲ့အချိန် ထမင်းယူမယ်ဆိုပြီး မြို့ထဲကိုဝင်သွားကြတာ။ ထမင်းတွေယူပြီး တောထဲကို ပြန်လာတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာ” ဟု မြို့ခံတစ်ဦးကပြောသည်။
အဖမ်းခံရသူအားလုံးမှာ အသက် ၄၀ နှင့် ၅၀ အထက် အသက်ကြီးပိုင်းများဖြစ်ကြပြီး အမျိုးသမီးများလည်း ပါဝင်သည်ဟုဆိုသည်။
အဖမ်းခံရသူများ၏ ဆိုင်ကယ်၊ ထမင်းချိုင့်များအားလုံးကို စစ်ကောင်စီတပ်က လမ်းဘေးတွင် ထားပစ်ခဲ့ကြောင်းလည်း သိရသည်။

ဒေသခံများကို ဖမ်းဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့ထဲမှနေ၍ လက်ခတ်တောင်တာဝါတိုင်းကုန်းဘက် ဦးတည်စစ်ကြောင်းထိုးသွားသည်ဟု ယူဆရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ထံမှ သိရသည်။
မေလ ၃၀ ရက်မှစပြီး လောင်းလုံးမြို့နှင့် လက်ခတ်တောင်တာဝါတိုင်ကုန်းတို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က တာဝေးပစ်အမြောက်ကြီးများသုံးကာ လောင်းလုံးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို ပစ်ခတ်လျက်ရှိသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လောင်းလုံးမြို့တွင် သားအဖနှစ်ဦး သေဆုံးကြောင်း ကနဦးသတင်းများအရ ကြားသိခဲ့ရသော်လည်း နောက်ပိုင်းထပ်မံအတည်ပြုချက်အရ သားအဖနှစ်ဦး သေဆုံးခြင်းမဟုတ်ဘဲ သမီးဖြစ်သူသာသေဆုံးပြီး ဖခင်ဖြစ်သူမှာ ဒဏ်ရာသာရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ယင်းအပြင် ညင်းမော်ကျေးရွာမှ အသက် ၅ နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။
အနီးဝန်းကျင်မှ ဒေသခံထောင်ချီလည်း မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားထဲမှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။