တရုတ်နိုင်ငံက ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်းတပ် TNLA တို့ ဧပြီလကုန်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု မရခဲ့ကြောင်း တအာင်းတပ်က ထုတ်ပြန်သည်။
တအာင်းတပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် ဧပြီလ ၂၈ နှင့် ၂၉ ရက်တွင် ဆွေးနွေးကြခြင်းဖြစ်သည်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသော ဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းအထိ တအာင်းတပ် ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့သည့်အပေါ် တအာင်းတပ်ဘက်က သဘောမတူသဖြင့် ဆွေးနွေးပွဲ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်သွားကြောင်း ဖော်ပြသည်။
နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြောင်း ဆိုသည်။
လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ် တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့တစ်ဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း က ကမကထပြု အလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။