ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဧပြီ ၂၆ ရက်မှ မေ ၂ ရက်အထိ
ဂျပန်တွင် မူလတန်းကျောင်းသားများ ကားတိုက်ခံရ

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ မေ ၁ ရက်က ကျောင်းချိန်အပြီး အိမ်ပြန်နေတဲ့ မူလတန်းကျောင်းသား ကလေးငယ် ၇ ဦးထံကို ကားတစ်စီးက ဝင်တိုက်မှုဖြစ်ခဲ့ပါတယ်။
ဝင်တိုက်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားကိုတော့ မေ ၁ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာပါ။
နေ့လယ် ၁ နာရီခွဲလောက်မှာ လမ်းသွားလမ်းလာတဦးကနေ အိုဆာကာရဲ့ နိရှိနာရီရပ်ကွက်ရှိ လမ်းတခုမှာ ကလေးငယ်တချို့ ကားတိုက်ခံရတယ်လို့ အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အချိန်က ကျောင်းမှာ အတန်းအားလုံးရဲ့ မနက်ခင်းအတန်းတွေ ပြီးဆုံးသွားတဲ့အချိန်ဖြစ်ပြီး ကလေးတွေ နေ့လယ်စာစားအပြီး အိမ်ပြန်နေကြပါတယ်။
ကားနဲ့ဝင်တိုက်ခံရတဲ့ ကျောင်းသားတွေကတော့ ဒုတိယတန်းကျောင်းသား ၅ ဦးနဲ့ တတိယတန်း ကျောင်းသား ၂ ဦးဖြစ်ပါတယ်။
၇ ယောက်လုံး သတိရှိကြပြီး ၁ ဦးကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အရာအားလုံးကို စိတ်ပျက်ငြီးငွေ့နေပြီး တယောက်ယောက်ကို သတ်ပစ်ချင်နေတယ်လို့ ကားနဲ့ ဝင်တိုက်တဲ့သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပါတယ်။
Ref: The Guardian
……………………………………..
တောင်ကိုးရီးယား ယာယီသမ္မတ ရာထူးက နုတ်ထွက်

တောင်ကိုရီးယားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် ဟန်ဒုခ်ဆူ က ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။
သူ့ကို သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်လိမ့်မယ်လို့ အတော်များများကနေ မျှော်လင့်ထားကြတာပါ။
တိုင်းပြည်အကျပ်အတည်း ကြုံနေချိန်မှာ တတ်နိုင်သမျှ လုပ်ဆောင်ဖို့အတွက် တာဝန်အနေနဲ့ ရာထူးနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံထဲမှာ ပူးပေါင်းဆောင်ရွက်ရေး အခြေခံအုတ်မြစ်ကိုလည်း မတည်ဆောက်နိုင်ဘူးဆိုရင် ဘယ်သူပဲ အာဏာရရ သဘောထားကွဲလွဲမှုတွေ ထပ်ခါထပ်ခါ ဖြစ်နေလိမ့်မယ်လို့ သူက သတိပေးထားပါသေးတယ်။
ဟန်ဒုခ်ဆူ နုတ်ထွက်သွားရင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမော့ခ်က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
Ref: DW
……………………………………..
အမေရိကန် စီးပွားရေး ကျဆင်းနေ

၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေဟာ အဆိုးရွားဆုံး ၃ လနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
နှစ်အလိုက် နှုန်းထားအရ နိုင်ငံ့စီးပွားရေးဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းကနေ ၀ ဒသမ ၃ ရာခိုင်နှုန်းကို ကျဆင်းသွားတယ်ဆိုပြီး ကုန်သွယ်ရေးဌာနက ထုတ်ပြန်လိုက်တာပါ။
စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားခဲ့တဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းထက် ပိုမိုဆိုးရွားခဲ့တာ ဖြစ်ပြီး ပြည်တွင်းစတော့ဈေးတွေလည်း ဆက်လက်ကျဆင်းနေတာကို တွေ့ရပါတယ်။
၂၀၂၅ ပထမ ၃ လပတ်အတွင်း အမေရိကန်နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒီနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ရဲ့ သွင်းကုန် ၄၁ ဒသမ ၃ ရာခိုင်နှုန်းအထိရှိနေချိန် သွင်းကုန်က ပို့ကုန်ထက် ပိုများနေတဲ့အခါ GDP ကို ကျဆင်းစေတာဖြစ်ပါတယ်။
Ref: BBC
……………………………………..
ကင်ညာတွင် လွှတ်တော်အမတ်တစ်ဦး သေနတ်ပစ်သတ်ခံရ

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမှာ ဧပြီ ၃၀ ရက် ညက ကင်ညာလွှတ်တော်အမတ် ချားလ်စ် ဝဲရ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဆိုင်ကယ်တစီးနဲ့ တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတဲ့ မော်တော်ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးကနေ ပစ်သတ်ခဲ့တာပါ။
သေနတ်သမားတဦးက ဆိုင်ကယ်ပေါ်မှဆင်းကာ ချားလ်စ် ဝဲရ်ကို အနီးကပ် ပစ်သတ်ခဲ့တဲ့အချိန် သူ့ယာဉ်မောင်းကတော့ ပစ်ခတ်မှုကနေ လွတ်မြောက်ခဲ့ပါတယ်။
သူ့ကို ဆေးကုသမှုခံယူရဖို့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့တာပါ။
ချားလ်စ် ဝဲရ်ဟာ ဝါရင့်နိုင်ငံရေးသမား ရိုင်လာ အိုဒင်ဂါ ဦးဆောင်တဲ့ အတိုက်အခံ ODM ပါတီမှာ အဖွဲ့ဝင်ဖြစ်ပါတယ်။
Ref: BBC
……………………………………..
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းဆိပ်ကမ်း မီးလောင်

ယူကရိန်းနိုင်ငံက ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဩဒက်ဆာမြို့မှာ မေ ၁ ရက် အစောပိုင်းက ရုရှား မောင်းသူမဲ့လေယာဉ်တွေ တိုက်ခိုက်ခဲ့လို့ မီးလောင်ခဲ့ပါတယ်။
မီးလောင်မှုထဲ လူနေအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးသွားခဲ့တာပါ။
တိုက်ခိုက်ခံရပြီးတဲ့နောက် မြို့တော်ဝန်က အခင်းဖြစ်ရာနေရာဆီ ချက်ချင်း သွားပြီး အပျက်အစီးတွေကို စစ်ဆေးခဲ့ပါတယ်။
အထူးသဖြင့် လူနေအိမ်တွေ သိသိသာသာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယူကရိန်းဘက်က ဒရုန်းတချို့ကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပေမယ့် အချို့ဒရုန်းတွေကတော့ မြေပေါ်ကျပြီး ပေါက်ကွဲခဲ့လို့ မီးလောင်ခဲ့တာဖြစ်ပါတယ်။
Ref: REUTERS
……………………………………..
အမေရိကန်နှင့် ယူကရိန်း မြေရှားသတ္တုလက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းနဲ့ အမေရိကန်ပြည်ထောင်စုကြားက မြေရှားသတ္တုဆိုင်ရာ သယံဇာတ သဘောတူညီချက်ကို ဧပြီ ၃၀ ရက်မှာ သဘောတူလက်မှတ်ထိုးခဲ့ပါတယ်။
ဒီမြေရှားသတ္တုကိစ္စနှင့် ပက်သက်၍ လပေါင်းများစွာ ဆွေးနွေးခဲ့ကြအပြီးမှာ ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်နဲ့ သယံဇာတရင်းမြစ်တွေကို အတူတကွ ပူးတွဲတူးဖော်ဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာပါ။
ယူကရိန်း ဒုတိယဝန်ကြီးချုပ် ယူလီယာ ဆဗရီဒန်ကိုက ဝါရှင်တန်ကို လာရောက်ပြီး ဧပြီ ၃၀ ရက်မှာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
စစ်ကြောင့် ယူကရိန်းစီးပွားရေး ပြန်လည် နလန်ထူနိုင်ဖို့ ပြန်လည်ထူထောင်ရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကိုပါ ထူထောင်နိုင်အောင် နှစ်နိုင်ငံ သဘောတူခဲ့ပါတယ်။
အမေရိကန် စစ်ရေးအကူအညီ ဆက်လက်ရရှိဖို့အတွက် ယူကရိန်းက ဒီသဘောတူညီချက်ကို လက်မှတ်ထိုးပေးခဲ့တာလို့ ယူဆထားကြပါတယ်။
ယူကရိန်းနိုင်ငံမှာ မြေရှားနဲ့ ဂရာဖိုက်၊ တိုက်တေနီယမ်၊ လီသီယံ တို့လို အရေးပါတဲ့ သတ္တုသယံဇာတတွေ ပေါများပါတယ်။
Ref: CNN
……………………………………..
အီး-စီးကရက်က ကုသမရသော အဆုတ်ရောဂါကို ဖြစ်စေနိုင်

ရနံ့ပါတဲ့ အီး-စီးကရက်ကို ၃ နှစ်ကြာ သောက်ခဲ့တဲ့ အမေရိကန်လူငယ်တစ်ဦးဟာ popcorn lung လို့ခေါ်တဲ့ အဆုတ်ရောဂါကို ခံစားခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။
အဆုတ်ရဲ့ အသေးငယ်ဆုံး လေဝင်ပေါက်တွေမှာ အမာရွတ်ဖြစ်ကျန်တဲ့ bronchiolitis obliterans ရောဂါကြောင့် နာတာရှည် ချောင်းဆိုးတာ၊ အားအင်ကုန်ခမ်းတာ၊ မောပန်းတာ၊ အသက်ရှူခက်ခဲတာ စတဲ့ လက္ခဏာတွေ ခံစားရခဲ့တာပါ။
ဒီရောဂါကို ပြောင်းဖူးပေါက်ပေါက် စက်ရုံမှာ အလုပ်လုပ်သူတွေ ခံစားရတဲ့ အဆုတ်ရောဂါ ဖြစ်တာကြောင့် popcorn lung လို့ ခေါ်ဆိုကြပါတယ်။ ဒီရောဂါကို ကုသဖို့ နည်းလမ်းမရှိသေးပါဘူး။
အခုတော့ ရနံ့ပါတဲ့ အီး-စီးကရက်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် ဒီရောဂါကို ခံစားရနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေကို သတိပေးထားပါတယ်။
ရနံ့တွေဟာ အပူပေးပြီး ရှူသွင်းရင်တော့ ခန္ဓာကိုယ်က စစ်ထုတ်ပေးနိုင်ခြင်းမရှိတာကြောင့် အဆုတ်နဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး အဆိပ်သင့်စေနိုင်တယ်လို့ ဆိုပါတယ်။
လူငယ်တွေကြားမှာ ရနံ့ပါတဲ့ Vape သောက်မှု မြင့်မားလာပြီး ကျန်းမာရေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိလာနေတယ်လို့ ထောက်ပြနေကြပါတယ်။
Ref: Daily Record
……………………………………..