ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက အင်အားရာကျော်သုံးပြီး စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်လာခြင်းကြောင့် ကျေးရွာဆယ်ရွာခန့်က ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
ထားဝယ်-မေတ္တာ-ထီးခီးနယ်စပ်တစ်လျှောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ဖက်စစ်ရေးတင်းမာနေသဖြင့် မေတ္တာမြို့နှင့် အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံများမှာ ဧပြီလ ၂၁ ရက်ခန့်ကစပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကြောင်းတစ်ကြောင်းမှာ မနေ့က ပခပ်ရွာကို ရောက်ရှိပြီး ယနေ့မနက်ပိုင်းတွင် ရမ္မဇူရွာဘက်ကို ရောက်ရှိနေသည်ဟု သတင်းရကြောင်း ဝကုန်းရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းခံရတဲ့သူတွေ ပြန်လွတ်ကုန်ပြီလို့ကြားတယ်၊ ကျွန်မတို့လည်း တောထဲကိုရှောင်နေရတယ်၊ စားရေးနေရေးအခက်အခဲရှိလို့ အခုရွာထဲကို ခဏပြန်ထွက်လာတယ်၊ လမ်းတွေလည်းပိတ်ထားတော့ ဈေးဆိုင်ကယ်တွေလည်း တခြားလမ်းကနေ ခက်ခက်ခဲခဲလာရတယ် ပြောတယ်။ ဈေးတွေတော့ ကြီးနေရောပဲ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
တောင်သုံးလုံး၊ ကျောက်မဲတောင်နှင့် ရွှေချောင်း၊ မြောင်းပြို စသည့် ကျေးရွာက ဒေသခံများမှာ ဧပြီလ ၂၃ ရက်နေ့တည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး ဝကုန်း၊ ပခပ်စသည့်ကျေးရွာက ဒေသခံများမှာ စစ်ကောင်စီစစ်ကြောင်းရောက်လာသည့် ဧပြီလ ၂၆ ရက်ခန့်ကစတင်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းတို့က ပြောသည်။
“ကျွန်တော်တို့ရွာက ဖမ်းမိတဲ့သူတွေပြန်လွတ်ကုန်ပြီ၊ အဲ့ဒီနေ့ကပဲ တောင်နှစ်လုံးသုံးလုံးလောက် ကျော်တဲ့ထိ ခေါ်ဆောင်သွားပြီးတော့ ပြန်လွတ်ပေးလိုက်တယ်၊ စစ်ကြောင်းလာတဲ့လမ်းမှာ တွေ့တဲ့လူတွေကို ခေါ်ဆောင်သွားတာပါ” ဟု ပခပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရမည်စိုးသဖြင့် ဒေသခံများမှာ စစ်ကောင်စီတပ်စစ်ကြောင်းနှင့်အတွေ့မခံရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထီးထဗျူဟာစခန်း သိမ်းယူခဲ့ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်များက ထားဝယ်-မေတ္တာ-ထီးခီးနယ်စပ်တစ်လျောက်က စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူရန်ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က အရှေ့တောဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။