BREAKING
October 20, 2025

တနင်္သာရီ ပကဖ အယောင်ဆောင်၍ ငွေတောင်းခံမှုများရှိနေဟု ထုတ်ပြန်

May 2, 2025

ဓာတ်ပုံ - တနင်္သာရီ ပကဖ တပ်ဖွဲ့ ။

တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အယောင်ဆောင်၍ ငွေလိမ်လည်တောင်းခံနေမှုများ ရှိနေသဖြင့် သတိပြုကြရန် ယင်းအဖွဲ့က ယနေ့ မေလ ၂ ရက်တွင် ထုတ်ပြန်သတိပေးလိုက်သည်။

ယခင်က ပကဖ တပ်ဖွဲ့ အယောင်ဆောင်၍ ငွေလိမ်လည်တောင်းခံသည့် ဖြစ်စဥ်မကြုံဖူးကြောင်း၊ ယင်းကဲ့သို့ လိမ်လည်တောင်းခံမှုများမှာ ဧပြီလ နောက်ဆုံးအပတ်အတွင်း၌ ဖြစ်ခဲ့ကြောင်း တနင်္သာရီ ပကဖ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

“တနင်္သာရီမြို့နယ်ထဲကလူတွေကို စာပို့တာမျိုးမဟုတ်ဘူး။ တနင်္သာရီမြို့နယ်မှာ အုန်းသီးခြံ ၊ ကွမ်းခြံရှိတဲ့ မြိတ်နဲ့ ကျွန်းစုက ဥယျာဥ်ခြံပိုင်ရှင်တွေကို ဦးတည်ပြီး စာတွေကို viber ကနေလိုက်ပို့တယ်။ အယောင်ဆောင်ပြီးလိမ်နေတာက စာပို့ခံရသူတွေနဲ့ သက်ဆိုင်ရာနယ်မြေခံ အဖွဲ့အစည်းတွေက ပြန်လာပြောပြလို့သိရတယ်” ဟု ၎င်းကပြောဆိုသည် ။

ယင်းသို့စာပို့ခံရခြင်းသာကြားသိရသေးပြီး ပိုက်ဆံလိမ်လည်ခံရသဖြင့် လာတိုင်သည့် ဖြစ်စဉ်မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

တနင်္သာရီ ပကဖ အယောင်ဆောင်၍ လိမ်လည်နေသူအား သိရှိနိုင်ရန် ခြေရာခံ၍ စုံစမ်းနေပြီဖြစ်ပြီး သိရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီ ပကဖထံ မှ သိရသည် ။

တနင်္သာရီ ပကဖ အယောင်ဆောင်၍ စာပို့ခဲ့သည့် Viber အကောင့် ကို ယနေ့မေလ ၂ ရက်တွင် ရှာ၍ မရတော့သလို ပို့ခဲ့သည့် စာတွင်ပါဝင်ခဲ့သည့် ဖုန်းနံပါတ် (09793908379)အား ဆက်ကြည့်ရာတွင်လည်း ဖုန်းမဝင်တော့ပေ ။

ယင်းလိမ်လည်ပို့ခဲ့သည့်စာတွင် စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်၍ စစ်ရေး၊ အုပ်ချုပ်ရေး ရန်ပုံငွေအဖြစ် သုံးသိန်းကျပ်ကို မေလ ၂ ရက်နောက်ဆုံးထား၍ စာပို့သည့် Viber အကောင့်တွင် payment အကောင့် တစ်ခုခုတောင်း၍ လွှဲပေးရန်နှင့် ရန်ပုံငွေထည့်ဝင်သူများ၏ နေအိမ်၊ အကျိုးစီးပွားများကို စောင့်ရှောက်မည်ဖြစ်ပြီး မထည့်ဝင်ပါက လုံခြုံရေးတာဝန်မယူကြောင်း ဖော်ပြပါရှိသည် ။

ယင်းအပြင် လမ်းပိုင်းတွင် စစ်ဆေးခံရပါကလည်း ယင်း viber အကောင့် ငွေသွင်းထားသည့်ပြေစာအားပြသနိုင်ပြီး အခြားအဖွဲ့အစည်းများက ငွေတောင်းခံပါကလည်း viber အကောင့် တွင်လာရောက်ပြောကြားရန် နှင့် ယခုစာအား မပေါက်ကြားစေရန် စသဖြင့် ရေးသားထားသည်။

တနင်္သာရီ ပကဖ အနေဖြင့်မူ အခွန်ကောက်ခြင်း နှင့် ခရီးသွားများထံမှ မတရားသဖြင့် ငွေကောက်ခြင်းမရှိသလို တနင်္သာရီ ပကဖ နှင့် ပတ်သက်၍ သံသယရှိသည့် အချက်အလက်များရှိပါက တနင်္သာရီ ပကဖ ၏ လူမှုကွန်ယက် တွင် လာရောက်မေးမြန်းနိုင်ကြောင်း သတိပေးချက်တွင် ထုတ်ပြန်ထားသည် ။

” ပြည်သူလူထုအနေနဲ့က ကိုယ်ထောက်ပို့မယ့်အဖွဲ့အစည်းတွေ ကို နောက်ခံသမိုင်းကြောင်း ဂဃနဏ သိဖို့အရေးကြီးတယ် ။ အစစ်လား အတုလား ခွဲခြားဖို့လည်း လိုတယ် ။ အခုလို အဖွဲ့အစည်း တွေအများကြီးရှိတဲ့ကာလမှာ စစ်ဆေးအတည်ပြုတာတွေလုပ်ဖို့တယ် ” ဟု တနင်္သာရီ ပကဖ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းသည် ။

အလားတူ ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ထားဝယ်ခရိုင် တပ်ရင်း ၂ မှ တပ်ရင်းမှူး နှင့် ရဲဘော်တစ်ဦး၏ဓာတ်ပုံ များကိုယူသုံးကာ လူမှုကွန်ရက် စာမျက်နှာ များဖွင့်လှစ်၍ ငွေကြေးအလွဲသုံးစားမှုများရှိနေသဖြင့် သတိထားနိုင်ရန် ယင်းတပ်ရင်းက ထုတ်ပြန်သတိပေးထားသေးသည် ။