ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် ပြုလုပ်မည့် ကိုရင်လေး ရှင်ဥတ္တမသာရ၏ တရားပွဲကို ထိုင်းအာဏာပိုင်များက လာရောက်တားဆီးသဖြင့် တရားပွဲဖျက်လိုက်ရကြောင်း ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) နှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။
မေလ ၁ ရက် မေဒေးနေ့ ညနေတွင် မဟာချိုင်ဒေသ ဝေလလမ်းထဲ၌ ကိုရင်လေး ရှင်ဥတ္တမသာရကို ပင့်ဖိတ်၍ တရားပွဲ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
မြန်မာအလုပ်သမားများစုပေါင်း၍ တရားပွဲပြုလုပ်ရန် မြို့နယ်၊ ခရိုင်အဆင့်ထိ ခွင့်ပြုချက် တောင်းခံထားခြင်းမရှိသဖြင့် တရားပွဲမကျင်းပမီ ထိုင်းဌာနဆိုင်ရာ အာဏာပိုင်များက လာရောက်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) က ကိုဇော်က ဆိုသည်။
“သူတို့အဖွဲ့စုံက လာတားတော့ တရားပွဲ ကျင်းပခွင့် မရလိုက်ဘူး။ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းပြီး တရားပွဲကို သိမ်းလိုက်ရတယ်” ဟု ကိုဇော်က ပြောသည်။
မဟာချိုင်နယ်တခွင်တွင် မြန်မာအလုပ်သမားများ စုပေါင်း၍ တရားပွဲများ ကျင်းပနေကျဖြစ်သော်လည်း ယခုကဲ့သို့ ထိုင်းဌာနဆိုင်ရာများက လာရောက်ပိတ်ပင်တားဆီးသဖြင့် တရားပွဲ ဖျက်လိုက်ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုင်းနိုင်ငံထဲတွင် မြန်မာအလုပ်သမားများက တရားပွဲကျင်းပပြုလုပ်လိုပါက မြို့နယ်၊ ခရိုင်အဆင့်ထိ ဌာနဆိုင်ရာအလိုက် ခွင့်ပြုချက်များ တောင်းခံရမည်ဖြစ်ကြောင်း MWSC အဖွဲ့ထံမှ သိရသည်။
တရားပွဲကျင်းပရန်အတွက် မြန်မာနိုင်ငံသားများ လူစုဝေးခွင့်၊ အသံချဲ့စက် စောင်းဘောက်များ အသုံးပြုခွင့်နှင့် လှူုဒါန်းငွေများ အသုံးပြုမည့် ရည်ရွယ်ချက်များအတွက် ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ကိုဇော်က ဆိုသည်။
“အခုကတော့ ကျွန်တော်တို့ဘက်က ပိုသတိထားရတော့မှာပေါ့နော်။ အရင်တုန်းကလို ရပ်ကွက်က ခွင့်ပြုရုံနဲ့ မရတော့ဘူး။ မြို့နယ်၊ ခရိုင်အဆင့်ထိ တောင်းခံပြီး ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ဖို့လိုပြီဆိုတာ သိထားရမယ်။ ခွင့်ပြုချက်ကို အဆင့်ဆင့်တင်ပြီး တောင်းခံရမယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံထဲတွင် မြန်မာအလုပ်သမားများလာမှုကြောင့် တိုင်ကြားမှုလည်း ပိုများလာသဖြင့် တရားပွဲကဲ့သို့ အခမ်းအနားများကို ယခင်ကထက် ပိုသတိထားပြီး ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း MWSC အဖွဲ့က အကြံပြုထားသည်။