ကျွန်းစုမြို့နယ်၊ ပြင်ဝန်းရွာ ရေတံခွန်အနီးတွင် ပျူစောထီးများ လိုက်ပါလာသည့် ကားကို ဧပြီလ ၃၀ ရက် ည ၇ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များရှိခဲ့ကြောင်းကို ဒေသခံများ နှင့် တော်လှန်ရေးအင်အားစုများ ထံမှ သိရသည်။
ပျူစောထီး ၉ ဦးလိုက်ပါသည့် ကားကို မင်းဂုတ်ကျေးရွာအုပ်စု၊ ပြင်ဝန်းရေတံခွန်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မောင်းလှော်ရွာမှ ပျူစောထီးခေါင်းဆောင် ဦးထွန်းဝေ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည် ။
“မိုင်းဆွဲပြီးနောက် ပစ်ခတ်သံတော့မကြားရဘူး။ ဒါပေမဲ့ ပျူခေါင်းဆောင် ထွန်းဝေတော့သေသွားတယ်။ ကျန်တဲ့သူတွေလည်းဒဏ်ရာရပြီး ကားမောင်းတဲ့သူဆိုအခုထိ စိတ်ကယောက်ကယက်ဖြစ်နေတုန်း” ဟု မောင်းလှော်ဒေသခံတစ်ဦးကပြောသည်။
ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာမှ ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်ကာ သတ်သေသွားသည့် စစ်သားအလောင်းအား လာသယ်သည့်ကားကို မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးပြောသည်။
“ဧပြီ ၃၀ရက် မှာ ဝါရစ်ရွာတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတစ်ဦး သေနတ်နဲ့ သတ်သေသွားတယ်ပေါ့။ အဲဒီစစ်သားအလောင်းကိုလာယူဖို့ မောင်းလှော်ဘက်ကတက်လာရာမှ ပြင်ဝန်းရေတံခွန်နားမှာ တိုက်ခိုက်ခဲ့ပါတယ်” ဟု အဆိုပါ ပကဖတာဝန်ရှိသူတစ်ဦးကပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရနေသည့် ပျူစောထီးလေးဦးမှ အချို့မှာလည်း ယနေ့ မေလ၂ ရက်နံနက်တွင် ထပ်မံသေဆုံးသည်ဟု ၎င်းက ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ ။
မိုင်းဆွဲခံရသည့်ကားမှာ ပျူစောထီးများက ချောဆွဲလာသည့် မောင်းလှော်ကျေးရွာအုပ်စု ၊ ဇေကမိရွာမှ အရပ်သားကားဖြစ်ပြီး ကားမောင်းသူအရပ်သားသည် တိုက်ခိုက်ခံရစဥ် ထွက်ပြေးခဲ့သဖြင့် ဒဏ်ရာအနည်းသာရခဲ့ကြောင်း ကားသမားနှင့် နီးစပ်သည့် ဒေသခံများကပြောပြသည် ။
စစ်ကောင်စီ တပ်သည် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့သည့် ပြင်ဝန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှသိရသည် ။