တရုတ်နှင့်အိန္ဒိယမှ ကွန်မြူနစ်ပါတီများနှင့် ပိုနီးကပ်စွာ ဆက်ဆံသွားမည်ဟု သီရိလင်္ကာအစိုးရက မေလ ၁ ရက်နေ့က အလုပ်သမားနေ့ လူထုအခမ်းအနားတွင် ကတိပြုပြောဆိုလိုက်သည်။
သီရိလင်္ကာသည် နိုင်ငံအရွယ်အစား သေးငယ်သော်လည်း မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးက သီရိလင်္ကာတွင် လွှမ်းမိုးမှုရရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။
ယမန်နေ့ကကျင်းပခဲ့သော အလုပ်သမားနေ့ လူထုအခမ်းအနားမှာ လက်ဝဲယိမ်းသမ္မတ အနူရာကုမုဒြာဒိသန်နာယကေ တက်လာပြီးနောက် ပထမဆုံး ကျင်းပသည့် အခမ်းအနားဖြစ်သည်။
အဆိုပါ အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် အိန္ဒိယကွန်မြူနစ်ပါတီများမှ အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
တရုတ်ကွန်မြူနစ်ပါတီ (CCP) က သီရိလင်္ကာသမ္မတ ဒိသန်နာယကေ၏ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (JVP) နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အလုပ်သမားနေ့ လူထုအခမ်းအနား၌ ပရိသတ်အမြောက်အများကို တရုတ်ကွန်မြူနစ်ပါတီအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“တရုတ်နဲ့ သီရိလင်္ကာ ဆက်ဆံရေး ပိုပြီးတော့ ခိုင်မာလာအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
တရုတ်နှင့် ပူးပေါင်းလုပ်ဆာင်ခြင်းက သီရိလင်္ကာ၏ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို ကူညီဖြေလျှော့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သီရိလင်္ကာ၏ လက်ရှိအာဏာရ JVP ပါတီ၏ အထွေထွေအတွင်းရေးမှူး Tilvin Silva က ပြောသည်။
“ဒီကဏ္ဍမှာ တရုတ်က ကောင်းကောင်းစွမ်းဆောင်ပြခဲ့ပြီးပါပြီ။ သူတို့ဆီက ကျွမ်းကျင်မှုကို ကျွန်တော်တို့ ရယူချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
JVP ပါတီ လျှင်မြန်စွာ အာဏာရလာသည့်နည်းလမ်းကို လေးစားအတုယူအားကျကြောင်း အိန္ဒိယကွန်မြူနစ်ပါတီ(မာ့စ်ဝါဒ)၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ AR Sindhu ကလည်း ပြောကြားခဲ့သည်။
ယင်းပါတီသည် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကာရာလာပြည်နယ်တွင် အာဏာရပါတီ ဖြစ်သည်။
“လူထုကို ကျွန်တော် ပြောချင်ပါတယ်။ ဟုတ်ပါတယ်။ ကာရာလာဟာ သီရိလင်္ကာလမ်းစဉ်ကို လိုက်မှာ ဖြစ်ပါတယ်။ ကာရာလာတစ်ခုတည်း မဟုတ်ပါဘူး။ အိန္ဒိယတစ်နိုင်ငံလုံးက သီရိလင်္ကာလမ်းစဉ်ကို လိုက်ရမှာ ဖြစ်ပါတယ်”
JVP ပါတီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် နေရာပေါင်း ၂၂၅ နေရာအနက် ၁၅၉ နေရာ အနိုင်ရခဲ့သည်။ ယခင်က ပါလီမန်အတွင်း နေရာ ၃ နေရာသာ ရရှိထားရာမှ နေရာသုံးပုံနှစ်ပုံကျော်အထိ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
လက်ဝဲဝါဒီ သမ္မတဖြစ်သူ ဒိသန်နာယကေကြောင့် သီရိလင်္ကာတွင် တရုတ်၏လွှမ်းမိုးမှု ကြီးထွားလာမည်ကို အိန္ဒိယဗဟိုအစိုးရက စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်။
သီရိလင်္ကာသည် ၎င်း၏ ပထဝီနိုင်ငံရေးလွှမ်းမိုးမှု စက်ဝန်းထဲမှ နိုင်ငံတစ်ခုဟု အိန္ဒိယက သတ်မှတ်ထားသည်။
သီရိလင်္ကာသမ္မတ ဒိသန်နာယကေသည် ဒေသတွင်းအင်အားကြီးနှစ်နိုင်ငံ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြား ဆက်ဆံရေးကို ဟန်ချက်ညီစေရန် ကြိုးစားလျက်ရှိသည်။
သမ္မတဖြစ်လာပြီးနောက် ၎င်းသည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည်။
ယင်းနောက် အိန္ဒိယနိုင်ငံသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။ တရုတ်နိုင်ငံသည် သီရိလင်္ကာ၏ အကြီးမားဆုံး ပြည်ပမြီရှင်နိုင်ငံလည်း ဖြစ်သည်။
Source: AFP