ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာအနီးကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နှစ်စင်းဖြင့်ဗုံးကြဲ

April 2, 2026

သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ ဧပြီလ ၂ရက် နေ့လယ် ၁၂ကျော်တွင် K8W ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးလေးလုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။

K8W ဂျက်ဖိုက်တာနှစ်စီးသည် ပေါင် ၂၅၀ ဗုံးနှစ်လုံးစီ ရှေ့ဆင့်နောက်ဆင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်အခြေအနေကို သိရှိသည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

“ဂျက်ဖိုက်တာနဲ့ ရှေ့ဆင့်နောက်ဆင့် နှစ်စီးလာကြဲသွားတယ်။ ဝဲရစ်ကျေးရွာအနားကို ကျတယ်လို့တော့ သိရပါတယ်။ ထိခိုက်မှုကတော့ မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ဝဲရစ်ကျေးရွာသည် မြိတ်-ထားဝယ် ကားလမ်းပေါ်က ဝင်းဝရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။

မြိတ်-ထားဝယ်လမ်းပေါ်ရှိ အရေးပါသည့် ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက မတ်လ ၁၁ တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် ပင်လယ် ဘက်သို့ ဆုတ်ခွာထားပြေးသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

မတ်လ ၃၁ ရက်တွင် စစ်အာဏာရှင်တပ်သည် ဝင်းဝင်ရွာသို့ ပြန်လည်ရောက်ရှိလာပြီး ဝင်းဝစခန်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းအရင်းအမြစ်အချို့က ပြောဆိုသည်။

ဝင်းဝစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်သည့် ဖေဖော်ဝါရီလ ၁၀ ရက်မှ ယနေ့ ဧပြီလ ၂ ရက်အထိ သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ကျေးရွာ ၁၂ ရွာကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ကနက်သီရိရွာအနီး ပင်လယ်ပြင်ရှိ စစ်သေင်္ဘာကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှု၊ စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်မှု၊ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနင်းမိမှုတို့ကြောင့် အရပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းများ မီးလောင်ပျက်စီးခဲ့သည်။