သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းရှိ ဝင်းဝကျေးရွာကို စစ်အာဏာရှင်တပ် ပြန်လည် ရောက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် သတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီးနောက် ရက် ၂၀ ခန့်အကြာ မတ်လ ၃၁ရက်တွင် စစ်အာဏာရှင်တပ် ဝင်းဝရွာသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“စကမတပ်တွေ ဝင်းဝရွာကိုပြန်ရောက်နေတာတော့ ဟုတ်ပါတယ်။ ပြန်ပြီးတပ်စွဲနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့တော့ ခန့်မှန်းရ ပါတယ်ဗျ။ ဝင်းဝရွာကို ရောက်လာတဲ့ မတ်လ ၃၁ ရက်နေ့ တုန်းကတော့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ရှိပါတယ်။ အခုတော့ ထပ်ဖြစ်နေတာ မရှိသေးပါဘူး။ ဒါပေမဲ့ စကမကတော့ လေကြောင်းနဲ့ နေ့စဥ်ဗုံးကြဲနေတုန်းပါ” မြေပြင်အခြေအနေကို သိသည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဗျူဟာ ၃၄ နယ်မြေက ဗျူဟာမှူးနှင့် PDF တပ်ဖွဲ့ဝင်အချို့ကလည်း စစ်အာဏာရှင်တပ်သည် ဝင်းဝရွာသို့ မတ်လ ၃၁ ရက်တွင် ပြန်လည်ထိုးဖောက်ရောက်ရှိနေကြောင်း ပြောဆိုကြသည်။
သို့သော် အသေးစိတ်အခြေအနေများကို ပြောဆိုကြခြင်း မရှိပေ။
စစ်အာဏာရှင်တပ် ဝင်းဝရွာသို့ ပြန်လည် ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် KNU တပ်မဟာ(၆) KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး ဗိုလ်မှူးစောမှူးဂေ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း-T5 တပ်ရင်းမှူးတို့ကို Dawei Watch က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိကြသေးပေ။
စစ်အာဏာရှင်တပ်ကမူ ဝင်းဝစခန်းကို ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ပြီး မြိတ်-ထားဝယ် ကားလမ်းကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီဟု သတင်းထုတ်ပြန်ထားသည်။
သို့သော် Dawei Watch က ဒေသခံများနှင့် လမ်းပိုင်းအသုံးပြုသည့် မော်တော်ယာဉ် လုပ်ငန်းလုပ်ကိုင်သူများကို မေးမြန်းချက်အရ မြိတ်-ထားဝယ် ကားလမ်းမှာ မတ်လ ၂၇ ရက်တွင် စတင်ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်တပ်က မြိတ်-ထားဝယ်လမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဟု ထုတ်ပြန်ပြောဆိုသည့် မတ်လ ၃၁ ရက်တွင် လမ်းပြန်ပိတ်နေပြီဖြစ်သည်ကို ယာဉ်လိုင်းပြေးဆွဲသူအချို့၏ ပြောဆိုချက်အရ သိရသည်။
“ကားလမ်းက မနေ့ (မတ်လ ၃၁ရက်) တုန်းက ပြန်ပိတ်တယ်။ ပိတ်ထားလို့ အစ်မတို့ကားတွေ ပြန်လှည့်လာကြတယ်” ဟု မြိတ်-ထားဝယ် ပြေးဆွဲသည် ယာဉ်လိုင်းလုပ်ငန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက မတ်လ ၁၁ ရက်တွင် သိမ်းယူခဲ့ပြီး ဝင်းဝစခန်းမှ ပင်လယ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်အာဏာရှင်တပ်ဖွဲ့တို့မှာ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် ရက် ၂၀ ခန့် တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကာလအတွင်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မတ်လ နောက်ဆုံးအပတ်တွင် သရက်ချောင်းမြို့က အင်အား ၆၀ ခန့်ရှိ နောက်ထပ် စစ်ကူစစ်ကြောင်းတစ်ကြောင်း ရောက်ရှိလာကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်ဘက်က ထုတ်ပြန်ချက်တွင် ဂုံညှင်းဆိပ်ရွာဘက်မှ ပြန်လည်တိုက်ခိုက်ကာ ဝင်းဝစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။







