ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲ အောင်မြင်မှုရရန် နီးကပ်နေပြီဟု ထရမ့်ပြော

April 2, 2026

တစ်လကျော်ကြာမြင့်လာသည့် အီရန်စစ်ပွဲတွင် ၎င်းတို့ အောင်မြင်မှုရရှိရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အီရန်စစ်ပွဲတွင် အမေရိကန်၏ စစ်ရေးရည်မှန်းချက်အားလုံးနီးပါး အောင်မြင်ပြီးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

သို့ရာတွင် အမေရိကန်အနေဖြင့် အီရန်စစ်ပွဲကို မည်သို့အဆုံးသတ်မည်ဆိုသည်နှင့် ပတ်သက်၍ ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

နောက်ထပ်ရက်သတ္တပတ်နှစ်ပတ်မှ သုံးပတ်အတွင်း အီရန်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟုသာ သမ္မတထရမ့်က ကတိပြုပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီအလုပ်ကို အဆုံးသတ်တော့မှာပါ။ အင်မတန် မြန်မြန်ဆန်ဆန်ပဲ ကျွန်တော်တို့ အဆုံးသတ်တော့မှာပါ။ အပြီးသတ်ဖို့ တော်တော်လေး နီးစပ်နေပါပြီ” ဟု ၎င်းက ပြောသည်။

အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးအရ ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး အမေရိကန်နှင့် ဥရောပအကြား မဟာမိတ်ဆက်ဆံရေးမှာကိုလည်း ထိခိုက်ကျဆင်းစေခဲ့သည်။

ယင်းစစ်ပွဲကြောင့် အမေရိကန်နိုင်ငံအတွင်း သမ္မတထရမ့်အပေါ် လူထုထောက်ခံမှုနှုန်းမှာလည်း ကျဆင်းလျက် ရှိသည်။

အီရန်စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ အီရန်၏ လုပ်ရပ်များကြောင့်သာ ဖြစ်ကြောင်း သမ္မတထရမ့်က အပြစ်တင်ပြောဆိုခဲ့သည်။

အမေရိကန်မှာ စွမ်းအင်ကဏ္ဍတွင် ကိုယ့်အားကိုယ်ကိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ၎င်းက ဆိုသည်။

သမ္မတထရမ့်၏ မိန့်ခွန်းက ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုကို လျော့ပါးစေခြင်း မရှိကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။

သမ္မတထရမ့်၏ မိန့်ခွန်းထွက်ပေါ်လာပြီးနောက်တွင် ရေနံဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အာရှစတော့ရှယ်ယာဈေးကွက်များ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

Source: The Guardian ၊ AFP