ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် လျှပ်စစ်မီးပြန်ရ

April 2, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် နှစ်လကျော်ကြာ ပြတ်တောက်နေသည့် လျှပ်စစ်ဓာတ်အား ဧပြီလ ၁ရက်တွင် ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် လျှပ်စစ်ဓာတ်မီးတိုင်များ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး နဘုလယ် ဒေသအပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများ ဖေဖော်ဝါရီလ ၃ ရက်မှစ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လျှပ်စစ်မီး ပြတ်တောက်ချိန် အီရန်စစ်ပွဲဂယက်ကြောင့် စက်သုံးဆီစျေးလည်း အဆမတန် လိုက်ပါမြင့်တက် လာသဖြင့် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သည့် တောင်သူများ အခက်အခဲ ကြုံခဲ့ရသည်။

လျှပ်စစ်မရသဖြင့် မီးစက်အသုံးပြုကာ ဒူးရင်းခြံများတွင် ရေလောင်းရသဖြင့် ကုန်ကျစရိတ် ၁၀ ဆကျော်အထိ မြင့်တက်ခဲ့ သည်။ လက်ရှိတွင် လျှပ်စစ်ဓာတ်အား ပြန်ရသဖြင့် စိုက်ပျိုးစရိတ် သက်သာလာနိုင်ကြောင်း ဒူးရင်းစိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“မီးလာပြီဆို စရိတ်က တစ်သိန်းအများဆုံးပဲ။ ဆီစျေးနဲ့ဆို ဆယ်သိန်းကနေ သိန်းနှစ်ဆယ်အထိ ကုန်တယ်” ဟု ၎င်းက ပြေဆိုသည်။

စက်သုံး ပြတ်လပ်ပြီး ဝယ်ယူရခက်ခဲခြင်းတို့ကြောင့် ထားဝယ်ဒေသတွင် စက်သုံးဆီ တစ်ပီပါလျှင် ကျပ်ခြောက်သိန်းကျော်မှ ကျပ်သိန်း ၂၀နှင့် အထက်သို့ စျေးမြင့်တက်သွားခဲ့သည်။

ထိုအခြေအနေတွင် ဒေသတွင်း ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်အချို့ ရပ်နားထားခဲ့ကြရသည်။

ရေဖြူမြို့နယ်တွင် နွေရာသီ ရေတွင်း၊ ရေကန်များ ရေနည်းနေချိန် စက်သုံးဆီစျေးမြင့်တက်ခြင်းတို့ကြောင့် ပစ်ထားရမည့် စိုက်ခင်းများ ပျက်စီးမည့် အန္တရာယ်နှင့် ကြုံနေရကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်းရှိ ကွမ်းစိုက်တောင်သူ တစ်ဦးက ဆိုသည်။

“ကွမ်းပင်တွေက ဝါနေပြီ၊ ရေမရလို့။ ဆီစျေးကလည်းကြီး၊ ရေတွင်းတွေမှာလည်း နည်းနေတော့ ပစ်ထားတာ၊ မလောင်း နိုင်ဘူး။ အခုမီးပြန်လာတော့ အပင်သေမယ် အခြေအနေကနေ လွတ်သွားတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃၀ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲကြောင့် ဓာတ်အားဖြတ်တောက်ခံထားရသည့် လောင်းလုံးမြို့နယ်တွင်မူ ယနေ့ ဧပြီလ ၂ရက်အထိ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခြင်း မရှိသေးပေ။

ထို့ကြောင့် လောင်းလုံးဒေသခံများ ယခုကာလအတွင်း မီးစက်၊ ဆိုလာများ ဝယ်ယူတပ်ဆင်အသုံးပြုနေရပြီး စက်သုံးဆီ စျေးမြင့်တက်နေချိန် ကုန်ကျစရိတ်များကာ အခက်အခဲ ဖြစ်လျှက်ရှိကြောင်း လောင်းလုံးဒေသခံ အချို့က ပြောဆိုသည်။

လောင်းလုံးမြို့နယ် နည်းတူ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားသည့် သရက်ချောင်းမြို့အောက်ဘက်ရှိ ကျေးရွာအချို့မှာလည်း လျှပ်စစ်ဓာတ်အားဖြတ်တောက်ခံထားရဆဲ ဖြစ်သည်။