တနင်္သာရီတိုင်းတွင် သင်္ကြန်ကာလအကြို ဧပြီလ ပထမဆယ်ရက်အတွင်း မုတ်သုံအကြိုမိုး ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနများနှင့် မိုးလေဝသလေ့လာသုံးသပ်သူများက ခန့်မှန်းထားကြသည်။
တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၃ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်အာဏာရှင်တပ်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၁ ရက်နေ့တွင် ခန့်မှန်းထုတ်ပြန်သည်။
မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကလည်း ဧပြီလအတွင်း မုတ်သုံအကြိုမိုး အနည်းငယ်ရွာနိုင်သည့် ဒေသများတွင် ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံတောင်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့ ပါဝင်ကြောင်း ခန့်မှန်းထားသည်။
မုတ်သုံအကြိုမိုးဖြစ်သဖြင့် နေရာကွက်၍ ခေတ္တမျှ မိုးသည်းထန်ခြင်းများ ရှိနိုင်သော်လည်း မိုးရေချိန် အများအပြားရွာနိုင်မည့် အခြေအနေမရှိကြောင်း ၎င်းက ဆိုသည်။
မတ်လနောက်ဆုံးပတ်တွင်လည်း တနင်္သာရီတိုင်းရှိ ခရိုင်သုံးခုစလုံးတွင် မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး သင်္ကြန်အကြို ပိတောက်ပန်းများ ပွင့်နေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မတ်လ ၂၉ ရက်တွင် ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့၌ မိုးသီးကြွေခဲ့ကြောင်း မြို့ခံတစ်ဦး မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်တစ်ခုတွင် တွေ့ရှိရသည်။
ဧပြီလတွင် တနင်္သာရီတိုင်း၌ ပျမ်းမျှအပူချိန်ထက် အနည်းငယ် ပိုမိုပူပြင်းနိုင်ကြောင်း စစ်အာဏာရှင်တပ် လက်အောက်ခံ မိုးဇလဌာနနှင့် ဦးဝင်းနိုင်တို့က ခန့်မှန်းကြသည်။
နေ့အပူချိန်အနေဖြင့် တနင်္သာရီတိုင်းတွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုမိုနိုင်ကြောင်း မိုးဇလဌာနက ဆိုသည်။ ဦးဝင်းနိုင်ကမူ တနင်္သာရီတိုင်းတွင် နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် ၀.၅ ဒီဂရီဆဲလ်စီးယပ်အထိ ပိုမိုပူပြင်းနိုင်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နယ်အချို့တွင် နေ့အပူချိန်များမှာ ၄၀ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်သို့ ရောက်ရှိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၏ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အနောက်တောင်မုတ်သုံလေသည် မေလကုန် သို့မဟုတ် ဇွန်လဆန်းတွင် စတင်ဝင်ရောက်လေ့ရှိပြီး ယင်းလများမှစ၍ အောက်တိုဘာလအထိကာလကို မုတ်သုံရာသီ (မိုးရာသီ) အဖြစ် သတ်မှတ်လေ့ရှိသည်။







