အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် နည်းလမ်းများကို ရှာဖွေရန် အမေရိကန် မပါဝင်သည့် နိုင်ငံပေါင်း ၃၅ နိုင်ငံကို ဗြိတိန်က ဖိတ်ခေါ်၍ အိမ်ရှင်အဖြစ် ယနေ့ (ဧပြီ ၂) အစည်းအဝေးကျင်းပမည်ဖြစ်သည်။
ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဗြိတိန်နှင့် ပြင်သစ် ပူးပေါင်းကြိုပမ်းအားထုတ်မှု၏ နောက်ဆက်တွဲ ဆွေးနွေးပွဲကို ယနေ့ ကြာသပတေးနေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက်ကူးပါးနှင့် နိုင်ငံတကာခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် လက်တွေ့ကျသည့် အစီအစဉ်တစ်ခုကို ဆွေးနွေးရန် ကမ္ဘာ့နိုင်ငံများ ပထမဆုံးအကြိမ် စည်းဝေးခြင်း ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ယင်းဆွေးနွေးပွဲမှာ ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ပြန်လည်ရရှိရေး ၊ ပိတ်မိနေသည့် သင်္ဘောများနှင့် သင်္ဘောသားများ၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးနိုင်ရေး ၊ အဓိကကုန်စည်များ ပြန်လည်စီးဆင်းသွားလာနိုင်ရေးအတွက် လက်တွေ့လုပ်ဆောင်နိုင်သည့် သံတမန်ရေးနှင့် နိုင်ငံရေးအစီအမံအားလုံးကို အကဲဖြတ်ရန် ရည်ရွယ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ဆိုသည်။
အရှေ့အလယ်ပိုင်းမှ လက်ရှိတိုက်ပွဲများ ရပ်တန့်သွားပြီးနောက် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဗြိတိန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အမေရိကန်က အီရန်အပေါ် တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်လျှင် ဟော်မုဇ်ရေလက်ကြား ဘေးကင်းလုံခြုံရေးမှာ ကျန်နိုင်ငံများ၏ တာဝန်သာ ဖြစ်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားသည်။
အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်၏ စစ်ပွဲကို ဥရောပနိုင်ငံများက ထောက်ခံအားပေးမှု မရှိသည့်အပေါ် သမ္မတထရမ့်က ဝေဖန်ပြောဆိုထားသည်။
လက်ရှိတိုက်ပွဲများ ရပ်စဲသွားပြီးနောက်တွင်ပင် နယ်မြေရှင်းလင်းရေးမှာ အချိန်အတော်ကြာမြင့်နိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က တနင်္လာနေ့တွင် သတိပေးပြောဆိုခဲ့သည်။
Source: The Guardian







