ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် စက်သုံးဆီဝယ်ခွင့်ရရန် ဆိုင်ကယ် အပ်ခပေးပြီး ညလုံးပေါက်တန်းစီနေရ

April 2, 2026

ထားဝယ်မြို့တွင် မော်တော်ယာဉ်များအား စက်သုံးဆီထည့်ခွင့်ပြုသည့်အချိန် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ညလုံးပေါက် တန်းစီနေကြရကြောင်း မြို့ခံအချို့က ပြောသည်။

နံနက် ၆ နာရီတွင် စတင်ထုတ်ပေးသော စက်သုံးဆီဝယ်ယူခွင့်ရရန်အတွက် ယင်းအချိန်မတိုင်မီ ညဦးပိုင်း ၇ နာရီကတည်းက ကြိုတင်ပြီး မြို့ထဲရှိ စက်သုံးဆီဆိုင်များအရှေ့တွင် ဆိုင်ကယ်များ တန်းစီနေကြပြီဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

ညဦးပိုင်းမှ နံနက်ပိုင်းအထိ တစ်ညလုံးတန်းစီရန်အတွက် စက်သုံးဆီဆိုင်များအနီးတွင် နေထိုင်သူများကို ဆိုင်ကယ်အပ်ခ တစ်စီးလျှင် တစ်ထောင်ကျပ်ပေးပြီး တန်းစီကြခြင်းဖြစ်ကြောင်း သိရသည်။

“ကိုယ့်ဆိုင်ကယ်ကို ညလုံးပေါက်စောင့်ကြတဲ့သူတွေလည်းရှိတယ်။ မစောင့်ချင်ဘူးဆိုရင်တော့ အဲဒီနားက အိမ်ကို တစ်ထောင်(ကျပ်) ပေးပြီး စောင့်ခိုင်းကြတယ်” ဟု ကိုယ်တိုင် ငွေပေးစောင့်ခိုင်းသူတစ်ဦးက ပြောဆိုသည်။

အချို့မှာ အခြားသူများကို ငွေပေးစောင့်ခိုင်းရမည်ကို စိတ်မချသဖြင့် ကိုယ်တိုင်ညလုံးပေါက် အိပ်စောင့်တန်းစီသူများလည်းရှိသည်။

“သူတို့က ဘယ်လိုပဲ စောင့်ပေးတယ်ပြောပြော ညလုံးပေါက်တော့ မစောင့်ပေးနိုင်ဘူး။ တကယ်လို့ ဆိုင်ကယ် ပျောက်သွားရင် ကိုယ်ပဲခံရမှာလေ” ဟု ကိုယ်တိုင် ညလုံးပေါက် ဆိုင်ကယ်စောင့်ပြီး ဆီတန်းစီရသူ အမျိုးသားတစ်ဦးက ပြောသည်။

ဆိုင်ကယ်ညလုံးပေါက် ဆီတန်းစီကြသူအများစုမှာ နံနက်စောစော ခရီးသွားရန် ရှိသူများလည်းပါဝင်ပြီး တစ်ကြိမ်ထက်ပိုပြီး စက်သုံးဆီတန်းစီဝယ်ခွင့်ရလိုသူများလည်း ပါဝင်ကြောင်း မြို့ခံအချို့က ဆိုသည်။

“ညကတည်းက သွားတန်းစီတယ်ဆိုတာက မနက်စောစော ဆိုင်ဖွင့်တာနဲ့ လိုချင်လို့ပေါ့။ တချို့ကတော့ ဒီမှာတန်းစီပြီးရင် နောက်တစ်ဆိုင် တန်းစီလို့ရအောင်ဆိုပြီး လာကြတာလည်းရှိတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ထားဝယ်မြို့ထဲတွင် စက်သုံးဆီရောင်းချပေးနေသည့် စက်သုံးဆီဆိုင်ကြီးလေးဆိုင်တွင် ညအိပ်စောင့်ဆိုင်း တန်းစီနေကြသည့် ဆိုင်ကယ်ပေါင်း ထောင်ချီရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။

“တစ်ညလုံးလာနေကြတာပဲ။ (ညဦးပိုင်း) ၇ နာရီတန်းစီတဲ့သူလည်း ရှိတယ်။ ၉ နာရီလောက်မှာ ရောက်လာတာလည်း ရှိတယ်။ (မနက်) ၄ နာရီမှာ လာကြတဲ့သူတွေလည်းရှိတယ်” ဟု ကိုယ်တိုင် ညအိပ်စောင့်သူတစ်ဦးက ပြောသည်။

ဆီမှာ တစ်ကြိမ်တန်းစီလျှင် ဆိုင်ကယ်ဆိုလျှင် တစ်လီတာသာ ဝယ်ယူခွင့်ရသည်။

ထားဝယ်မြို့တွင်မတ်လ တတိယအပတ်မှစပြီး သုံးဘီး၊ ဆိုင်ကယ်နဲ့ ကားများကို ဦးသူတန်းစီစနစ် မဟုတ်တော့ဘဲ အချိန်ခွဲခြား သတ်မှတ်လိုက်သည်။

နံနက် ၆ နာရီမှ နံနက် ၈ နာရီအထိ သုံးဘီးဆိုင်ကယ်များ၊ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိဆိုင်ကယ်များ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ကားများ၊ ညနေ ၄ နာရီမှ ညနေ ၅ နာရီအထိ ဌာနဆိုင်ရာ အမည်ပေါက်ယာဉ်များ စသဖြင့် အချိန်ခွဲခြားလိုက်သည်။

ထိုသို့ သတ်မှတ်လိုက်သဖြင့် အလုပ်နှင့် ကျောင်းကြိုပို့သွားကြမည့်အချိန် ဆီတန်းစီနေကြရသဖြင့် အဆင်မပြေမှုများကြုံလာကြောင်း ဝေဖန်သံများထွက်လာခဲ့သည်။

ထို့နောက် မတ်လ ၃၀ ရက်တွင်မူ နောက်ထပ်စည်းကမ်းတစ်မျိုးဖြစ်လာပြီး သုံးဘီးနှင့် ဆိုင်ကယ်အား အချိန်ပြောင်းပေးလိုက်သည်။

စည်းကမ်းသစ်အရ နံနက် ၆ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီအထိ ဆိုင်ကယ်များ၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ သုံးဘီး၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ကား၊ ညနေ ၄ နာရီမှ ညနေ ၅ နာရီအထိ ဌာနဆိုင်ရာမော်တော်ယာဉ် ဟု ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ သုံးဘီးနှင့် ဆိုင်ကယ်အား အချိန်ပြောင်းသတ်မှတ်ပေးလိုက်သဖြင့် ဆိုင်ကယ်ပိုင်ရှင်များ နံနက် ၆ နာရီတွင် ဆီဝယ်ခွင့်ရသွားခဲ့သည်။

ထို့သို့ နံနက်‌စောစော စက်သုံးဆီဝယ်ယူခွင့်ရသည်နှင့် ဆိုင်ကယ်ပိုင်ရှင်များ ယခုကဲ့သို့ ညလုံးပေါက် အိပ်စောင့် တန်းစီလာကြခြင်းဖြစ်သည်။

ထားဝယ်မြို့တွင် လူတစ်ဦးလျှင် ဆိုင်ကယ်တစ်စီး လူတိုင်းနီးပါးရှိသည်ဖြစ်ရာ ‌ဆိုင်ကယ်အစီးရေပေါင်း ထောင်သောင်းချီရှိသည်။

စုံ/မ ခွဲခြားသတ်မှတ်ချက်ရှိသောကြောင့်သာ ဆိုင်ကယ် အစီးရေ ထောင်ချီတန်းစီနေကြခြင်းဖြစ်ပြီး ထိုသတ်မှတ်ချက်သာ မရှိပါက တစ်မြို့လုံးနီးပါး ညအိပ်တန်းစီစောင့်ဆိုင်နိုင်ခြေရှိကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။