အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့ ဧပြီလ ၂ရက် နံနက်က ပြင်းအား ၇ဒသမ၄ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူတစ်ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါ ငလျင်ကြောင့် ပင်လယ်ပြင်အတွင်း အမြင့် ၇၅ စင်တီမီတာရှိ လှိုင်းတံပိုးများ ဖြစ်ပေါ်ခဲ့ကာ ကနဦးတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
နောက်ပိုင်းတွင်မူ အဆိုပါ ဆူနာမီသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ ထုတ်ပြန်ချက်အရ အဆိုပါ အင်အားပြင်းငလျင်သည် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ဆူလာဝေစီနှင့် မာလူကူကျွန်းစုကြားရှိ မိုလပ်ကာပင်လယ်ပြင်မြေအောက်အနက် ၃၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် မြောက်ဆူလာဝေစီပြည်နယ် ၊ မာနာဒိုမြို့တွင် အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ရှာဖွေကယ်ဆယ်ရေးအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။
“မာနာဒိုမြို့တစ်ဝိုက်မှာ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ လူတစ်ယောက် သေပြီး နောက်တစ်ယောက်ကတော့ ခြေထောက်မှာ ဒဏ်ရာရခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
သေဆုံးသူမှာ ပြိုကျသွားသည့် အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
အမေရိကန်နိုင်ငံ ၊ ဟာဝိုင်ယီအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာ (PTWC) က ငလျင်ဗဟိုချက်၏ ကီလိုမီတာ ၁,၀၀၀ အတွင်းရှိ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်တွင် အန္တရာယ်ရှိ ဆူနာမီလှိုင်းများ ရိုက်ခတ်လာနိုင်ကြောင်း ကနဦး သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ငလျင်လှုပ်ခတ်ပြီး နှစ်နာရီကျော်အကြာတွင် ဆူနာမီအန္တရာယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ယင်းသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
Source: AFP







