လေထုညစ်ညမ်းမှုကို ပြင်းပြင်းထန်ထန် ခံစားနေရသော ချင်းမိုင်မြို့တွင် မိုးအတုရွာရန် ထိုင်းအာဏာပိုင်များက ကြိုးပမ်းနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းက လေယာဉ်ငယ်များသည် ချင်းမိုင်မြို့၏ ပေ ၄၀၀၀ နှင့်အထက်သို့ ပျံသန်းခဲ့ပြီး လေထုညစ်ညမ်းမှုကို သက်သာလာစေရန် ရေခဲခြောက်ကို အသုံးပြု၍ မီးခိုးမြူများကို ပျံ့နှံ့သွားစေကာ ပူနွေးသောလေထုအလွှာကို ဖြိုခွဲခဲ့ကြောင်း သိရသည်။
နောက်ထပ်လေယာဉ်ငယ်များသည် ပိုင်မြို့နှင့် ချင်းမိုင်မြို့၏ ပေ ၉၅၀၀ ကျော်ကို ပျံသန်းခဲ့ပြီး မိုးအတုရွာစေရန် တိမ်တိုက်များကို ဓါတုပစ္စည်းသုံး၍ ဖန်တီးခဲ့သည်။
ယင်းကြောင့် ဧပြီလ ၁ ရက်နေ့က ချင်းမိုင်မြို့၏ နေရာအချို့တွင် တိမ်တိုက်များ ဖြစ်ပေါ်လာခဲ့သော်လည်း စိုထိုင်းမှုက နိမ့်ကျနေဆဲဖြစ်သဖြင့် မိုးရွာသွန်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
မိုးအတုရွာသွန်းစေရန် ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တိမ်တိုက်များကို ဖန်တီးလုပ်ဆောင် သွားမည်ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့ကြားတွင် မိုးရွာသွန်းနိုင်သည်အထိ လေထုအတွင်း စိုထိုင်းမှု မြင့်တက်လာမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မိုးအတုရွာသွန်းရန် တိမ်တိုက်ဖန်တီးမှုများကို လာမည့် ဧပြီလ ၆ ရက်၊ ၇ ရက်၊ ၁၁ ရက်၊ ၁၂ ရက်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ချင်းမိုင်မြို့၏ လေထုအရည်အသွေး PM 2.5 နှုန်းသည် ပုံမှန်အဆင့်ထက် ကျော်လွန်၍ ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်ဖြစ်နေသည်။
Ref: Chiangmai News, Khaosod







