ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်လောရွာတွင် ပစ်ခတ်မှုဖြစ်

March 2, 2026

ပုံစာ - မြိတ်ပြည်သူ့ကာကွယ်အရေးအဖွဲ့ ရဲဘော်များ

တနင်္သာရီမြို့နယ်၊ ဘန်လောရွာသို့ စစ်အာဏာရှင်တပ်သားများ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီတွင် ကျောက်ပုံတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ဘန်လောရွာလမ်းဆုံသို့ ခြေလျင်ဝင်ရောက်လာချိန်တွင် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့ လမ်းဆုံကို ရောက်လာလို့ ပစ်ခတ်မှုဖြစ်သွားတယ်။ ပစ်ခတ်မှု ခဏပဲ ဖြစ်တယ်။ သူတို့ ပြန်ဆုတ်သွားတယ်။ ဒီနေ့ (ည ၆ နာရီ) အထိတော့ ထူးခြားမှုမရှိသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ဘန်လောရွာတွင် ဒေသခံများသည် တိုက်ပွဲဖြစ်ပွားပါက ပြောင်းရွှေ့နေထိုင်ကြပြီး အခြေအနေအေးဆေးပါက ရွာထဲတွင် ပြန်လည်နေထိုင်ကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ပြန်လာနေတာ ကြာပြီ။ သုံးလေးလလောက်တော့ ရှိပြီ။ အိမ်နားမှာ ပစ်ခတ်မှုဖြစ်တယ်။ ပြေးရပြန်ပေါ့” ဟု အထက်ပါ ဒေသခံက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သားများက ပြန်လည်ဆုတ်ခွာသွားသဖြင့် ပစ်ခတ်မှုရပ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ဘန်လောရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။