ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် စက်သုံးဆီ ဈေးတက်၊ ဆိုင်ကြီးများ အရောင်းရပ်

March 2, 2026

ထားဝယ်မြို့အပါအဝင် ကျေးရွာများတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်သွားပြီး မြို့ထဲရှိ စက်သုံးဆီဆိုင်ကြီးများ အရောင်းရပ်လိုက်ပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

ထားဝယ်မြို့တွင်းရှိ စက်သုံးဆီဆိုင်ကြီးများ၊ ကမ်းနားလမ်းရှိ ဆီဘောများတွင် ယနေ့ နေ့လယ်ပိုင်းမှစပြီး စက်သုံးဆီ တိုးဝှေ့ဝယ်ယူနေကြပြီးနောက် ယင်းသို့ ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

“ဆီဆိုင်တွေပိတ်လိုက်ပြီ။ ကမ်းနားလမ်းမှာ သွားတိုးနေတဲ့သူတွေလည်း မရလို့ ပြန်လှည့်လာကြတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ပြောဆိုသည်။

နယ်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စက်သုံးဆီရောင်းချနေသူတစ်ဦးကလည်း ကမ်းနားလမ်းရှိ စက်သုံးဆီဘောတွင် ဝယ်ယူမရတော့ကြောင်း ပြောဆိုသည်။

နယ်ကျေးရွာတို့တွင်မူ စက်သုံးဆီတစ်လီတာကို ကျပ် ၃၂၀၀ မှ ၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး လိုသလောက် ဝယ်ယူမရတော့ကြောင်း ဒေသခံများက ပြောဆိုသည်။

“မနက် ၁၀ နာရီလောက်တုန်းက (တစ်လီတာ) ၃၂၀၀ ပဲရှိသေးတယ်။ ညနေ သွားဝယ်တော့ ၄၀၀၀ ဖြစ်သွားပြီတဲ့။ အဲဒါတောင် တစ်ယောက်ကို သုံးလီတာပဲရောင်းပေးတယ်” ဟု လောင်းလုံးမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဝယ်ယူသူများပြားလာပြီးနောက် ကျေးရွာအချို့ရှိ စက်သုံးဆီဆိုင်များသည် စက်သုံးဆီရောင်းချမှု ရုတ်တရက် ရပ်နားလိုက်ကြသဖြင့် ဝယ်ယူမရသူများလည်း ရှိနေကြောင်း ဆိုသည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ စစ်ဖြစ်ပွားနေမှုကြောင့် ထိုင်းနိုင်ငံက ပြည်ပသို့ လောင်စာဆီ တင်ပို့ရောင်းချခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

တနင်္သာရီတိုင်းသည် ရန်ကုန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းသည့် စက်သုံးဆီကို အဓိက မှီခိုနေရသည့် ဒေသဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြည်ပသို့ စက်သုံးဆီတင်ပို့မှု ရပ်တန့်လိုက်ခြင်းမှာ တနင်္သာရီတိုင်း စက်သုံးဆီဈေးကွက်ကို အကြီးအကျယ် ထိခိုက်နိုင်ခြေရှိနေသည်။