စစ်အုပ်စု၏ လွတ်ငြိမ်းဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသူ တစ်ရာရှစ်ဦးခန့် ယနေ့ (မတ် ၂) လွတ်မြောက်လာကြောင်း ကာယကံရှင်များနှင့် မိသားစုများထံမှ သိရသည်။
“နိုင်ငံရေးအမှုများတယ်။ အမျိုးသမီး နှစ်ဆယ့်ခြောက်ယောက်မှာ နှစ်ယောက်ပဲ အခြားအမှုပါတယ်။ ကျန်တာအကုန် နိုင်ငံရေးအမှုတွေချည်းပဲ” ဟု လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
နံနက် ဆယ့်တစ်နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ငါးနာရီဝန်းကျင်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ လွှတ်ပေးခြင်းဖြစ်သည်။





ထောင်မှလွှတ်ပေးပြီးနောက် ကားများဖြင့် ထားဝယ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကာ ခံဝန်ထိုးခိုင်းပြီးမှ သွားခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား တစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်အုပ်စုက ကြေညာသည်။
ယင်းတို့အနက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အဓမ္မတရားစွဲဆို ထောင်ချခံထားရသူ ၇၃၃၇ ဦး ပါဝင်ကြောင်း သိရသည်။







