တနင်္သာရီမြို့မှ ထိုင်းနယ်စပ် မောတောင်မြို့သို့ သွားသည့် လမ်းရှိ သဲဖြူရွာတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၈ရက်တွင် မြိတ်မှ စစ်အာဏာရှင်တပ် ကားခုနစ်စီးသည် သဲဖြူရွာသို့ စစ်ကူဖြည့်တင်းပြီးနောက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အင်အားဖြည့်ပြီး တိုက်ပွဲက ပိုကြမ်းလာတယ်။ တနေ့လုံးဖြစ်နေတယ်။လက်နက်ကြီးနဲ့ ဒရုန်းက မိုးရွာနေသလို ဖြစ်နေတယ်။ ရှယ်ကြမ်းတယ် ရက်တိုင်းပဲ” ဟု တိုက်ပွဲတွင် ပါဝင်နေသည့် အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းကာ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသဖြင့် ဖေဖော်ဝါရီလ ၁၈ရက်မှ မတ်လ ၂ရက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။
“နှစ်ဖက်စလုံး ထိခိုက်မှုများတယ်။ ဒီဘက်ကလည်း ထိတယ်။ ရန်သူဘက်ကလည်း ထိတယ်” ဟု ၎င်းက ပြောဆိုသည်။
သဲဖြူရွာသည် တနင်္သာရီမြို့မှ မောတောင်မြို့သို့သွားသည့် လမ်းပိုင်းတွင် တည်ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များ မောတောင်မြို့ကို ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ရန်အတွက် စစ်အင်အားအများပြားဖြင့် စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများ လနှင့်ချီကြာ ဖြစ်ပွားနေသည်။
သဲဖြူရွာဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံ ၁၅၀၀ကျော် တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီသူအချို့က ဆိုသည်။







