ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်ကို တိုက်ရန် ဗြိတိန်စစ်စခန်းများကို အမေရိကန် အသုံးပြုခွင့်ရ

March 2, 2026

အီရန်၏ ဒုံးကျည်စခန်းများကို တိုက်ခိုက်ရာတွင် ဗြိတိန်စစ်စခန်းများကို အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ၏ တောင်းဆိုချက်ကို ၎င်းတို့ သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက မတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုများတွင် လက်ရှိအချိန်အထိ ဗြတိန်က ပါဝင်ပတ်သက်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် လက်ရှိပဋိပက္ခတွင် အီရန်၏ လုပ်ရပ်က သွေးရူးသွေးတန်းဆန်ပြီး ဗြိတိန်နိုင်ငံသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနေကြောင်း ၎င်းက ဆိုသည်။

ယင်းကြောင့် ဗြိတိန်၏ စစ်စခန်းနှစ်ခုကို အမေရိကန်အား အသုံးပြုခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိန်၏ အက်ခရိုတီရီ လေတပ်စခန်းကို ဒရုန်းဟုသံသယရှိသည့် အရာတစ်ခုဖြင့် တိုက်ခိုက်မှုခံခဲ့ရကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အီရန်၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံနေရသော ဗြိတိန်နိုင်ငံသား ၂၀၀,၀၀၀ ခန့် ရှိနေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပြောသည်။

“ဒီခြိမ်းခြောက်မှုကို ရပ်တန့်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ဒုံးကျည်တွေကို သူတို့ရဲ့ မူလနေရာဖြစ်တဲ့ သိုလှောင်ရုံတွေမှာပဲဖြစ်စေ၊ ဒါမှမဟုတ် ဒုံးကျည်တွေ ပစ်လွှတ်တဲ့ စင်တွေမှာပဲဖြစ်စေ ဖျက်ဆီးပစ်ဖို့ပါပဲ” ဟု ၎င်းက ပြောသည်။

“အီရန်ကို တိုက်ခိုက်ရာမှာ ဗြိတိန်မပါဝင်ဖို့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ရည်ရွယ်ချက်ရှိရှိ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ ဒေသတွင်းနဲ့ ကမ္ဘာ့အရေးကိစ္စတွေမှာ အကောင်းဆုံးလမ်းကြောင်းက အီရန်အနေနဲ့ အဏုမြူထုတ်လုပ်ဖို့ ရည်မှန်းချက်အားလုံးကို စွန့်လွှတ်ကြောင်း သဘောတူညီတဲ့ ညှိနှိုင်းဖြေရှင်းမှုသာ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်လို့ပါပဲ” ဟု ၎င်းက ပြောသည်။

Source: The Guardian ၊ Reuters