ယနေ့(မတ်၂) တပေါင်းလပြည့်နေ့ မနက်ပိုင်းတွင် ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်း တည်ရှိရာ ရေဖြူမြို့နယ် နဘုလယ်ဒေသက ခြေတော်ရာဘုရားတွင် ဗုဒ္ဓပူဇနိယပွဲအနေဖြင့် ပဌာန်းပွဲနှင့် ဆွမ်းခြောက်လောင်းပွဲကို ကျင်းပခဲ့သည်။
နဘုလယ်ဒေသတွင်းက ဘုရားဖူးများ လာရောက်ဘုရားဖူးကြပြီး စျေးသည်အချို့ စျေးလာရောင်းနေကြသည်ကိုလည်း တွေ့ရသည်။
ကိုဗစ်မတိုင်မီ ၂၀၂၀ ခုနှစ် မတ်လ(တပေါင်းလ) တွင် နဘုလယ် ခြေတော်ရာဘုရားပွဲကို ၉၆ ကြိမ်မြောက်အဖြစ် ဇာတ်ပွဲများထည့်သွင်းကာ နောက်ဆုံးကျင်းပခဲ့သည်။
ယခုနှစ်တွင်မူ နဘုလယ်ခြေတော်ရာဘုရားပွဲသည် သက်တမ်းရာကျော်ပြီဖြစ်ပြီး နယ်မြေအခြေအနေများအရ ပွဲလမ်းသဘင်များဖြင့် ပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးသလို ဘုရားပွဲကာလ အတွင်း ရပ်ဝေးဘုရားဖူးများလည်း လာရောက်ဖူးမြော်နိုင်ခြင်းမရှိကြပေ။









နဘုလယ်ခြေတော်ရာဘုရားပွဲတော်သည် ထားဝယ်ဒေသတွင်း နာမည်ကျော်သည့် တပေါင်းဘုရားပွဲတော်တစ်ခုဖြစ်ပြီး ရပ်နီးရပ်ဝေးဘုရားဖူးများဖြင့် အထူးစည်ကားလေ့ရှိသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်တွင်မူ နဘုလယ်ဒေသသည် စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးခြင်းကို မကြာခဏခံရသလို နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ကြုံတွေ့နေရဆဲဖြစ်သည့် ဒေသဖြစ်သည်။







